မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နယ်မြေ ၁၁၊ အမှတ် ၄ ရပ်ကွက်ရှိ လူနေခြံဝန်းတခုက ရေတွင်းထဲမှာ ဇွန် ၅ ရက် မနက်ပိုင်းက သားအဖ ၂ ဦး အောက်စီဂျင်ပြတ်ပြီး သေဆုံးသွားတယ်လို့ မြင်းခြံမြို့နယ်မီးသတ်ဌာနက ပြောပါတယ်။
အကျယ် ၃ ပေ၊ အနက် ပေ ၃၀ ရှိ ရေတွင်းထဲ လူ ၂ ဦး ပြုတ်ကျနေတဲ့ ဖုန်းသတင်းကို မနက် ၉ နာရီ ၄၈ မိနစ်လောက်က ရရှိခဲ့တာကြောင့် မြင်းခြံခရိုင် မြို့နယ်မီးသတ်တပ်ဖွဲ့က သွားရောက်ကယ်ဆယ်ခဲ့တာပါ။
အဖြူရောင်လက်များအသင်း တာဝန်ရှိသူက “အရပ်ထဲကပြောတာတော့ ပြီးခဲ့တဲ့ရက်ပိုင်းက မုန်တိုင်းတုန်းက ကျန်နေတဲ့ရေတွေကို ဆင်းဆယ်တယ်လို့ ပြောတယ်။ ပထမဆုံး ဖအေဖြစ်တဲ့သူက ရေတွင်းထဲ အရင်ဆင်းတာ၊ အဲ့ဒီမှာ အောက်စီဂျင်ပြတ်တယ်ဆိုတော့ သားဖြစ်တဲ့သူကပါ ထပ်ဆင်းတော့ ၂ ယောက်စလုံး အောက်စီဂျင်ပြတ်သွားတာပေါ့။ အသင်းကတော့ မီးသတ်က လူကယ်ပြီးမှ ဆေးရုံပို့ပေးတာပါ” လို့ ပြောပါတယ်။
အဲ့ဒီမနက်ပိုင်းက အသက် ၅၅ နှစ်အရွယ် အဖေဖြစ်သူက ရေတွင်းအောက်ခြေဆင်းကာ အင်္ဂတေကပ်ရာကနေ သတိလစ်နေတဲ့အတွက် အသက် ၁၈ နှစ်အရွယ် သားဖြစ်သူက ဆင်းကယ်ရာ ၂ ဦးစလုံး အောက်စီဂျင်ပြတ်တောက်ပြီး သတိလစ်နေခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက အမျိုးသား ၂ ဦးစလုံးကို မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်မှာ ဆယ်ယူနိုင်ခဲ့ပြီး အဖြူရောင်လက်များအသင်းယာဉ်နဲ့ မြင်းခြံဆေးရုံ ပို့ဆောင်စစ်ဆေးခဲ့ပေမဲ့ သေဆုံးသွားပြီလို့ သိရပါတယ်။
မြင်းခြံမြို့နယ် မီးသတ်ဦးစီးမှူးရုံးက မိဘပြည်သူတွေအနေနဲ့ အောက်စီဂျင်ပြတ်လပ်နိုင်တဲ့ နေရာတွေဖြစ်တဲ့ ရေဆိုးကျင်း၊ မိလ္လာကျင်း၊ ရေတွင်းဟောင်း ရေတွင်းပျက်တွေထဲကို အရဲစွန့်ပြီး ဆင်းခြင်း၊ ဆယ်ယူခြင်း၊ ဝင်ရောက်ခြင်းတွေ မပြုလုပ်ဖို့ သတိပေးနှိုးဆော်ပါတယ် လို့ သတိပေးချက် ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။