DVB Logo
Home
Lead Story
သာယာချမ်းမြေ့ဖွယ် ဟာလောင်းပင်လယ်အော်မှာ ဗီယက်နမ် ရင်ဆိုင်နေရတဲ့ ပလတ်စတစ် အဖျက်အမှောင့်
DVB
·
June 5, 2023
သာယာချမ်းမြေ့ဖွယ် ဟာလောင်းပင်လယ်အော်မှာ ဗီယက်နမ် ရင်ဆိုင်နေရတဲ့ ပလတ်စတစ် အဖျက်အမှောင့်
Donate to DVB

နွေနံနက်ခင်းရဲ့ နေရောင်ခြည်ကိုကြည့်ရင်း ဗူသီသင့် တယောက် သူမရဲ့ သစ်သားလှေအစွန်းမှာ ထိုင်နေပါတယ်။ ပြီးတော့ ဟာလောင်းပင်လယ်အော်ထဲက ပလတ်စတစ်ဖော့ဘူးတွေကို ကောက်လိုက်ပါတယ်။

ဟုတ်ပါတယ်။ မနက် ကိုးနာရီတောင် မထိုးသေးပါဘူး။ ဒါပေမဲ့ ဖော့ဘူးတွေ၊ ပလတ်စတစ် ပုလင်းခွံတွေနဲ့ ဘီယာဘူးခွံတွေက သူမအနား ရောက်လာနေပါပြီ။

ဒီမြင်ကွင်းဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ထားတဲ့ ‌ဟာလောင်းပင်လယ်အော်ကို ရုပ်ဆိုး အကျည်းတန်စေပါတယ်။ စိမ်းပြာရောင်ရေပြင်၊ မိုးသစ်တောတွေနဲ့ မြင့်မြင့်သွန်းသွန်းရှိတဲ့ ထုံးကျောက်ကျွန်းတွေရဲ့ အလှကို လူသားတွေရဲ့လုပ်ရပ်ကြောင့် တန်ဖိုးမဲ့သွားစေခဲ့ကြောင်း ဒီမြင်ကွင်းက အထင်အရှား ပြသလိုက်တာပဲ ဖြစ်ပါတယ်။

“ပင်လယ်အော်တလျှောက် တနေ့ခင်းလုံး မနေမနား လုပ်နေရတော့ တော်တော်လေး ပင်ပန်းပါတယ်” လို့ သင့်က ပြောပါတယ်။ သင့်ဟာ အမှိုက်တွေကို သန့်ရှင်းဖို့ အမှိုက်လိုက်ကောက်သူအဖြစ် ဆယ်နှစ်နီးပါးကြာ လုပ်ကိုင်လာတဲ့သူတယောက်ပါ။

“အမှိုက်တွေကောက်ဖို့ တနေ့ကို လှေနဲ့ ငါးခေါက်ကနေ ခုနှစ်ခေါက်အထိ ကျမ ခရီးထွက်ရပါတယ်”

မတ်လအစကတည်းက အမှိုက် သောင်း ကုဗမီတာကို ပင်လယ်အော်ထဲကနေ ကောက်ယူခဲ့ရတယ်လို့ ဟာလောင်းပင်လယ်အော် စီမံခန့်ခွဲရေးဘုတ်အဖွဲ့က ပြောပါတယ်။ ဒီပမာဏဟာ အိုလံပစ်ရေကူးကန် လေးကန်စာအပြည့်နဲ့ ပမာဏတူညီပါတယ်။

တကယ်တော့ အမှိုက်ပြဿနာဟာ ပြီးခဲ့တဲ့နှစ်လကတည်းက ကြီးထွားလာခဲ့တာပါ။ ငါးလုပ်ငန်းတွေမှာ ပလတ်စတစ်ဖော့တွေအစား တခြား‌ ရေရှည်ခံမယ့်ဟာတွေနဲ့ အစားထိုးဖို့ လုပ်ဆောင်ချက်ဟာလည်း ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။ ဒ့ါအပြင် တံငါသည်တွေဟာ သူတို့အသုံးပြုကြတဲ့ ပလတ်စတစ်ပစ္စည်းတွေကို ပင်လယ်ထဲကို စည်းကမ်းမရှိ စွန့်ပစ်ကြပါတယ်။

နိုင်ငံတော်ပိုင် မီဒီယာတွေအရ အစိုးရအာဏာပိုင်တွေဟာ ရေယာဉ်အစီး နှစ်ဆယ်၊ လှေရှစ်စင်းနဲ့ လူဆယ့်နှစ်ယောက်ပါ အဖွဲ့တဖွဲ့ကို သန့်ရှင်းရေးလုပ်ဖို့ စေခိုင်းထားတယ်လို့ ဖော်ပြကြပါတယ်။

ဟာလောင်းပင်လယ်အော် စီမံဌာနက ပတ်ဝန်းကျင်ထိန်း‌သိမ်းရေးသမား ဒိုတီယမ်သန့်က ဒီ ဖော့ဘူးပြဿနာဟာ ရေတိုကိစ္စပါလို့ ပြောပါတယ်။ ဒါပေမဲ့ ဟာလောင်းပင်လယ်အော်က အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဖိအားရှိတယ် ဆိုတာကိုတော့ သူက ဝန်ခံပါတယ်။

ဗီယက်နမ်အရှေ့မြောက်ကမ်းရိုးတန်းက အံ့ဖွယ် ထုံးကျောက်နေရာတခုဖြစ်တဲ့ ဟာလောင်း ပင်လယ်‌အော်ကို ၂၀၂၂ တုန်းက ခရီးသွား ၇ သန်းကျော် လာရောက်လည်ပတ်ခဲ့ကြတယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီနှစ်အတွင်းမှာလည်း ခရီးသွားဧည့်သည် ရှစ်သန်းခွဲလောက်အထိ တိုးများလာလိမ့်မယ်လို့ အာဏာပိုင်တွေက မျှော်မှန်းထားကြပါတယ်။

ထင်ပေါ်ကျော်ကြားမှု၊ ဟာလောင်မြို့ရဲ့ တဖြည်းဖြည်းဖွံ့ဖြိုးလာမှုနဲ့အတူ ကေဘယ်ကားစနစ်တွေ၊ ဖျော်ဖြေရေးပန်းခြံတွေ၊ ဇိမ်ခံဟိုတယ်တွေ၊ အိမ်အသစ် အများကြီး တည်‌ဆောက်လာတာတွေ စတာတွေဟာ ဟာလောင်းပင်လယ်အော်ရဲ့ ဂေဟစနစ်ကို အကြီးအကျယ် ထိခိုက်စေတာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေရဲ့ ခန်းမှန်းချက်အရ ပင်လယ်အော်ထဲမှာ မူလတုန်းက သန္တာကျောက် အမျိုးအစားပေါင်း ၂၃၄ မျိုးလောက် ရှိခဲ့ရာကနေ အခုဆိုရင် တဝက်လောက်ပဲ ကျန်ပါတော့တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ တဖြည်းဖြည်း ပြန်ကောင်းလာတာတွေလည်း ရှိပါတယ်။ သန္တာကျောက် ပါဝင်မှုဟာ ဖြည်းဖြည်းတော့ တိုးတက်လာပါတယ်။ ဒီလိုပဲ လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်က ပင်လယ်အော်ကနေ စွန့်သွားကြတဲ့ လင်းပိုင်တွေဟာ အခုဆို အနည်းအကျဉ်းဆိုသလို ပြန်ရောက်လာကြပါပြီ။ ဒါဟာ ကမ္ဘာ့အမွေနှစ်ဒေသရဲ့ အဓိကနေရာတွေမှာ ငါးမဖမ်းဖို့ တားမြစ်လိုက်တာကြောင့်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ လူတွေရဲ့ အညစ်အကြေးတွေ၊ ပလတ်စတစ် အညစ်အကြေးတွေဟာ ဟာလောင်း ပင်လယ်အော်အတွက် ကြီးမားတဲ့စိန်ခေါ်မှု‌ ဖြစ်နေဆဲပါပဲ။

“ဟာလောင်းပင်လယ်အော်နားတဝိုက် လူနေရပ်ကွက်အကြီးတွေက အများသားကလား” ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား သန့်က ပြောပါတယ်။

“ဒီလိုနေရာတွေက အညစ်အကြေးတွေကို ကောင်းကောင်းမ‌ဖြေရှင်းနိုင်ဘူးဆိုရင် သန္တာကျောက်တန်း အပါအဝင် ဂေဟစနစ်ကို အကြီးအကျယ် ထိခိုက်တော့မှာပါ။ ဟာလောင်း ဒေသဟာ ခုနေအခါ အညစ်အကြေးရဲ့ ၄၀ ရာခိုင်နှုန်းကိုပဲ ဖြေရှင်းနိုင်သေးတာပါ။ တခါသုံး ပလတ်စတစ်တွေကိုတော့ အခုအခါ နိုင်ငံခြားခရီးသွားလှေတွေမှာ အသုံးပြုခွင့် မပေးတော့ပါဘူး။ ရေယာဉ်တွေပေါ် ပလတ်စတစ် အသုံးပြုမှုဟာလည်း အခုအခါမှာ ၁၀ ရာခိုင်နှုန်းလောက်သာ ကျန်ရှိပါတော့တယ်” လို့ ဟာလောင်းပင်လယ်အော် စီမံဘုတ်အဖွဲ့က ပြောပါတယ်။

ဒီကမ်းခြေတလျှောက်မှာလည်း အမှိုက်တွေရှိနေတာပါပဲ။ အမှိုက်သန့်ရှင်းရေးသမားတွေ အနေနဲ့လည်း ခရီးသွားတွေရဲ့ မျက်စိစပါး‌မွေးစူးတာ မခံရဖို့ မစွမ်းနိုင်ပါဘူး။

ဖန်ဗန်တူ အမည်ရှိ ဒေသခံ အလွတ်တန်းဧည့်လမ်းညွှန်က အခုလိုပြောပါတယ်။

“ကျနော့်ဆီကို ခရီးသွားတွေရဲ့ ရင်ဖွင့်သံတွေ ရောက်လာပါတယ်။ ဟာလောင်းပင်လယ်အော်ဟာ သတင်းတွေထဲမှာတော့ လှလိုက်တာတဲ့။ ဒါပေမဲ့ မျက်မြင်ကိုယ်တွေ့ အပြင်မှာတွေ့လိုက်ရတဲ့ အခါကျတော့ သူတို့အနေနဲ့ ရေလည်း မကူးချင်တော့ဘူး။ ကနူးလည်း မစီးချင်တော့ဘူး။ သူတို့မိတ်ဆွေတွေနဲ့ မိသားစုကိုတောင် ဒီကိုလာဖို့ တိုက်တွန်းရမှာ တွန့်သွားကြတယ်တဲ့”

ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ စီးပွားရေးအရှိန်အဟုန်ရယ်၊ မြို့ပြဖြစ်ထွန်းလာမှုရယ်၊ ပြီးတော့ ပြောင်းလဲလာနေတဲ့ လူနေမှုပုံစံတွေဟာ ကွန်မြူနစ် ဗီယက်နမ်နိုင်ငံအတွက်တော့ ပလတ်စတစ် ညစ်ညမ်းမှု ပြဿနာကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

၂၀၂၂ အစီရင်ခံစာအရ ပလတ်စတစ် အညစ်အကြေး တန်ချိန် နှစ်စဉ် ၃ ဒသမ ၁ သန်းကျော် ထွက်ရှိကြောင်း၊ ၁၀ ရာနှုန်းဟာ ပင်လယ်ပြင်ထဲ စီးဝင်သွား‌ကြောင်း၊ ဒါဟာ ဗီယက်နမ်ကို ကမ္ဘာ့သမုဒ္ဒရာတွေကို ပလတ်စတစ်နဲ့ ညစ်ညမ်းသွား‌စေတဲ့ နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်သွားအောင် ပြုလုပ်လိုက်တာပဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ၂၀၃၀ မှာဆိုရင် အခုထက် နှစ်ဆကျော် များလာနိုင်ပါတယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။

အသက် ၂၁ နှစ်အရွယ် ဂျာမနီနိုင်ငံက လာရီဆာဟဲလ်ဖာ တယောက် ဗီယက်နမ်နိုင်ငံကို အလည်အပတ် ရောက်လာခဲ့ပါတယ်။ “ဟာလောင်းပင်လယ်အော်ဟာ သိပ်ကိုလှပါတယ်။ ဒါပေမဲ့ တခုပါပဲ၊ ဘာလဲဆိုတော့ အမှိုက်ပြဿနာပါ။ အဲဒီပြဿနာဟာ ကျမရဲ့ခရီးစဥ်အတွက် အမှတ်အရဆုံး အမှတ်တရအဖြစ် စွဲကျန်နေဝောာ့မှာပါပဲ”

“သာမန်ဆိုရင်တော့ ရှင်တို့ ကျမတို့က ဟိုမှာ… ရှုခင်းတွေကို ကြည့်စမ်းပါဦး။ ဟိုးက.. တံငါရွာတွေကို ကြည့်စမ်းပါဦးလို့ ပြောကြမှာပဲမဟုတ်လား။ ဒါပေမဲ့ ဟာလောင်းပင်လယ်အော် ရောက်ရင်တော့ ရှင် အမှိုက်အကြောင်းကို မဖြစ်မနေ ထည့်ပြောရတော့မယ်လေ။ အလိုလေး… ပင်လယ်ထဲက ပလတ်စတစ်ဘူးခွံတွေကို ကြည့်စမ်းပါဦး ဆိုပြီးပေါ့။ ဒါပေမဲ့ အဲ့ဒီလိုမြင်ကွင်းဟာ ကြည်နူးစရာတော့ မဟုတ်ပါဘူး။ ရှင့်အတွက် ဝမ်းနည်းစရာပဲ ဖြစ်နေပါလိမ့်မယ်” ဆိုပြီး AFP သတင်းဌာနကို ပြောပါတယ်။

အမှိုက်သန့်ရှင်းသူ သင့် ကတော့ ဟာလောင်းမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး တချိန်က ဟာလောင်းပင်လယ်အော်အကြောင်း သတိတရနဲ့ ပြန်ပြောပြပါတယ်။

“ဟာလောင်းပင်လယ်အော်ရဲ့ ဂေဟစနစ်ဟာ အရင်တုန်းကဆိုရင် အခုလို ကြောက်မက်ဖွယ်ရာမျိုး မဟုတ်ရပါဘူး”

“ဟုတ်ပါတယ်။ ခုလိုလုပ်နေရတာတွေကြောင့် ပင်ပန်းတာပေါ့။ စိတ်ထဲလည်း ကသိကအောက် ဖြစ်ရတာပေါ့ရှင်။ ဒါပေမဲ့ ကိုယ်လုပ်စရာရှိတာကိုတော့ ဆက်လုပ်သွားရမှာပါပဲ”

နွေဦးဇင်

Ref: AFP/CN

(စင်ကာပူအခြေစိုက် Channel News Asia  ဝက်ဆိုက်မှာရေးသားဖော်ပြထားတဲ့ “Vietnam battles plastic blight in idyllic Ha Long Bay” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013