
တေးရေးဆရာ အောင်နိုင်စန်းနဲ့ အရပ်သား ၄ ဦးကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီပြန်ကြားရေးက ဇွန် ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(မြောက်) ရပ်ကွက်မှာ နေထိုင်သူ တေးရေး အောင်နိုင်စန်းဟာ မေ ၃၀ ရက် ညပိုင်းက စစ်တပ်အမာခံ အဆိုတော် လီလီနိုင်ကျော် သေနတ် ၂ ချက် ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ရဲ့ စာမျက်နှာအောက်မှာ မှတ်ချက်ရေးခဲ့တာကြောင့်လို့ သိရပါတယ်။
ဇွန် ၁ ရက်က တေးရေး အောင်နိုင်စန်းရဲ့ လူမှုကွန်ရက်မှာ “မနေ့ညက နာရေးသတင်းတခု အောက်မှာ Love react နှိပ်လိုက်တယ်။ ကိုယ်က ပုဂ္ဂိုလ်ရေးအရ နာစရာ မုန်းတီးစရာရှိလို့ အဲဒီလို ကျေနပ်တဲ့သဘော နှိပ်လိုက်တယ်။ သူနဲ့ကိုယ်က သူငယ်ချင်း၊ အလုပ်တွေ အများကြီးအတူတူ လုပ်ခဲ့ကြဖူးတယ်။ တနယ်တည်းသား၊ ပြောမနာ ဆိုမနာ၊ အမုန်းတရားနဲ့ လမ်းခွဲခဲ့ကြတာက ၂၀၀၉ ခုနှစ်ကတည်းက။ နိုင်ငံရေးနဲ့ဘာမှမဆိုင်ဘူး၊ ငွေလိမ်လို့၊ ဒါ အခုမှ ပြောပြတာ” လို့ တင်ထားတာ တွေ့ရပါတယ်။
စစ်ကောင်စီတယ်လီဂရမ် ချန်နယ်တွေမှာ မေ ၃၁ ရက်ကတည်းက တေးရေး အောင်နိုင်စန်းကို ဖမ်းဆီးပေးဖို့ နေရပ်လိပ်စာ၊ screenshot တွေကို ဖြန့်ချိနေခဲ့တာဖြစ်ပြီး စမ်းချောင်းမြို့နယ်ရဲစခန်းက ဇွန် ၃ ရက်မှာ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ခံတဦးက “သတင်းဌာနတို့ ပေ့ခ်ျတွေတို့ရဲ့ ကောမန့်မှာ လိုက်မန့်တဲ့သူတွေကို စစ်တပ်က လိုက်ကြည့်တာ။ တချို့က ပရိုဖိုင် မပိတ်ထားဘူး၊ အကောင့်က အစစ်၊ အလုပ်တို့ အိမ်နေရာတို့ ဖုန်းနံပါတ်တို့ ပါနေတာမျိုးရှိတယ်။ မန့်တဲ့ကောမန့်တွေကို တခုချင်း လိုက်ကြည့်ပြီး ဟန်ငြိမ်းဦး၊ ကကဟန်၊ ကိုချစ်၊ ကျော်စွာ၊ snow queen တို့မှာ တင်ကြ၊ အရေးယူခိုင်းကြတာ” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာပဲ တောင်ဒဂုံမြို့နယ် ၁၀၆ ရပ်ကွက်နေ မြင့်မောင် (ခ) ကိုနီ၊ မင်္ဂလာဒုံမြို့နယ် ရွာမရပ်ကွက်နေ မျိုးမင်းညီ (ခ) သူရ၊ သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်နေ ချစ်ဦးဝေနဲ့ ပဲခူးတိုင်း၊ ပဲခူးမြို့၊ ပျဉ်ပုံကြီးရွာနေ ကိုအာကာမင်းဦး တို့ ဖမ်းဆီးခံခဲ့ရပါတယ်။
မေ ၂၃ ရက်ကလည်း ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်၊ ဗထူးအိမ်ရာနေ အဆိုတော် ဗျူဟာကို စစ်ကောင်စီအား လူမှုကွန်ရက်ပေါ်တင်ကာ ညစ်ညမ်းစွာဆဲဆိုမှုနဲ့ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(က) နဲ့ မြောက်ဒဂုံရဲစခန်းမှာ အမှုဖွင့် ချုပ်နှောင်ခံထားရပါတယ်။
စစ်အာဏာသိမ်းကာလအတွင်း အရပ်သား ၃,၆၁၄ ဦး ကျဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ ၂၂,၉၄၇ ဦးနဲ့ ထိန်းသိမ်းခံရဆဲ ၁၈,၆၂၆ ဦး၊ လွတ်မြောက်လာသူ ၄,၃၂၁ ဦး ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ထုတ်ပြန်ချက်အရ သိရပါတယ်။










