DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ကြိုသိရမည်ဆိုပြီး အွန်လိုင်းမှငွေကြေးလိမ်လည်
DVB
·
June 5, 2023
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း ကြိုသိရမည်ဆိုပြီး အွန်လိုင်းမှငွေကြေးလိမ်လည်
Donate to DVB

၂၀၂၃ ဇွန်လအတွင်းမှာ ထွက်လာမယ့် ၂၀၂၂-၂၀၂၃ မြန်မာနိုင်ငံတက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ကြိုသိရမယ်ဆိုပြီး အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာတွေကနေ ငွေကြေး လိမ်လည်မှု တွေ ဖြစ်ပေါ်နေတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီး‌‌ဌာနက ပြောပါတယ်။ 

လူလိမ်စာမျက်နှာတွေက ကျောင်းသားလူငယ်တွေနဲ့ ကျောင်းသားမိဘတွေကို အဓိကထား လိမ်လည်နေတာဖြစ်ပြီး အောင်စာရင်းကြိုကြည့်ခအဖြစ် မြန်မာကျပ်ငွေ ၅၀၀၀ ကနေ ကျပ်၂၀,၀၀၀ အထိ တောင်းကြပါပါတယ်။ 

အရင်နှစ်ဟောင်းတွေက အောင်စာရင်းအဟောင်းတွေကို ကွန်ပျူတာ၊ ဖုန်းတွေက ဆော့ဝဲလ်၊ အပလီကေးရှင်းတွေ အသုံးပြုပြီး အောင်စာရင်းကြိုသိချင်‌သူတွေကို ငွေကြေးယူ လိမ်လည် နေကြတာပါ။ 

လိမ်လည်တဲ့ စာမျက်နှာတွေက ဆက်သွယ်လာတဲ့ ကျောင်းသား၊ မိဘတွေကို Wave Money မိုဘိုင်းငွေလွှဲ အပလီကေးရှင်းကနေ ဖုန်းနံပါတ်တခုကို ငွေလွှဲခိုင်း၊  ပြေစာပြခိုင်းပြီး ကျောင်းသားတွေ ရဲ့နာမည်၊ မိဘအမည်နဲ့ ခုံနံပါတ်တွေကို တောင်းယူကာ လိမ်လည်ရေးဆွဲထားတဲ့ အောင်စာရင်း အတုတွေကို ပြန်ပေးတာလို့ ကျောင်းသားမိဘ တဦး ပြောပါတယ်။ 

လှိုင်မြို့နယ်နေ ကျောင်းသားမိဘ တဦးက "မေ၃၁ ရက်နေ့လောက်က Exam Guide ဆိုတဲ့ ဖေ့ဘွတ်ပေ့ခ်ျမှာ အောင်စာရင်း ကြိုကြည့်လို့ ရတယ်တွေ့လို့ သွားမေးတာ၊ အဖေနာမည် ကျောင်းသားနာမည် ခုံနံပါတ်တောင်းတယ်။ အောင်စာရင်းကြည့်ဖို့ဆိုရင် ပိုက်ဆံ ၅၀၀၀ ပေးရမယ်၊ Wave Pay နဲ့ပဲ လွှဲ၊ Kpay ငွေ လက်မခံဘူး လို့ ပြောတယ်၊ မနက်မှ လွှဲလို့ ရမလား၊ အခု နောက်ကျသွားလို့ ပြောတော့ ခဏကြတော့ ပေ့ခ်ျဘက်က ဘလော့သွားတယ် " လို့ ဆိုပါတယ်။ 

စစ်ကောင်စီ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထုတ်ပြန်ချက်မှာတော့ ထုတ်ပြန်မည့်နေ့ရက်နဲ့ အစီအစဉ် ကို နိုင်ငံပိုင် မီဒီယာတွေ၊ သတင်းစာတွေနဲ့ စာစစ်ဦးစီဌာနစာမျက်နှာတို့မှတဆင့် အများပြည်သူကို ကြိုတင် အသိပေးကြေညာပါမည်၊ ပြင်ပပြောဆိုချက်များကို မှားသည်/မှန်သည် အတည်ပြုပေးမည် မဟုတ်ပါ လို့ တွေ့ရပါတယ်။ 

ဖေ့ဘွတ်ခ်ပေါ်မှာ အောင်စာရင်းကြိုကြည့်ပြီး ငွေကြေးလိမ်ယူနေတဲ့ အကောင့်နဲ့ စာမျက်နှာ ၈ ခု ထပ် မနည်းရှိနေပြီး ဆရာမတွေရဲ့ ပုံနဲ့ ပညာရေးသင်္ကေတတွေ တင်ထားတတ်တယ်လို့ သိရ ပါတယ်။ 

မြန်မာနိုင်ငံစာစစ်ဦးဌာန တရားဝင်စာမျက်နှာကို ဆက်သွယ်မေးရာမှာတော့ " ဆိုရှယ်မီဒီယာမှာ အကောင့်အတုတွေကို ဖော်ထုတ်ရန်မှာ ခက်ခဲပါတယ်၊ သို့သော် အခြား ရရှိထားသည့် အချက်အလက်များအရ စိစစ် စုံစမ်းမှုများ ပြုလုပ်နေပါတယ်၊ စုံစမ်းပေါ်ပေါက်လျင် ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ပါမယ်၊ စိစစ်စုံစမ်းနေစဉ်အတွင်း လက်ရှိ ဆောင်ရွက်မှု အနေဖြင့် ပထမဦးစားပေးအစီအစဉ်မှာ အများပြည်သူသို့ အသိပညာပေး ဆောင်ရွက်ခြင်း ဖြစ်ပါတယ်၊ အကောင့်အတုများဖြင့် လိမ်လည်မှုများ ရှိနေကြောင်း အများပြည်သူ သိရှိစေပြီး လိမ်လည်ခြင်းသားကောင် မဖြစ်ရစေဖို့ လုပ်ဆောင်နိုင်သည့် အနေအထားမှ ဆောင်ရွက် လျက်ရှိပါတယ် "လို့ ပြောပါတယ်။ 

စစ်ကောင်စီက ကျင်းပခဲ့တဲ့၂၀၂၂- ၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲက အောင်စာရင်းတွေ  ဘယ်အချိန်ထွက်မလဲဆိုတာကို ဆက်သွယ်မေးမြန်းပေမဲ့ ဖြေကြားခြင်း မရှိသလို ၂၀၂၁-၂၀၂၂ စာမေးပွဲအောင်စာရင်းကို ၂၀၂၂ ခုနှစ် ဇွန်လ ၁၇ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဖြေဆိုသူ ၂၈၁၇၅၁ ရှိတဲ့အနက် တစ်နိုင်ငံလုံးအောင်ချက် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013