DVB Logo
Home
မြန်မာသတင်း
လေစီးကြောင်း ပြောင်းသွားသဖြင့် ရခိုင်ကို မုန်တိုင်း ထပ်ဝင်မည့်အခြေအနေ မရှိတော့ဟုဆို
DVB
·
June 4, 2023
လေစီးကြောင်း ပြောင်းသွားသဖြင့် ရခိုင်ကို မုန်တိုင်း ထပ်ဝင်မည့်အခြေအနေ မရှိတော့ဟုဆို
Donate to DVB

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာ မုတ်သုံ အားကောင်းလာတာကြောင့် လေစီးကြောင်း ပြောင်းသွားပြီး မြောက်ဘက်ကို တက်မယ့် လမ်းကြောင်းဟာ ညာဘက် ကုန်းတွင်းဘက်ကို ရွေ့သွားပါတယ်။ 

ဒါကြောင့် ဆိုင်ကလုန်းမုန်တိုင်းအဆင့် မရောက်တော့ဘဲ အထက်လေပွေလှိုင်းအနေနဲ့သာ ကုန်းတွင်းဘက်ကို ဆက်ရွေ့သွားမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဇွန် ၄ ရက် မနက်ပိုင်း မိုးလေဝသ ထုတ်ပြန်ချက်တွေအရ မော်တင်စွန်းနားမှာ ဖြစ်လာတဲ့ အထက် လေပွေလှိုင်းဟာ ကုန်းတွင်း (ဧရာဝတီမြစ်ကျွန်းပေါ်ဒေသ)ကို ဝင်ရောက်ပြီးနောက် မြစ်ဝကျွန်းပေါ်ဒေသ၊ ကုန်းတွင်းမှာပဲ လေပွေလှိုင်းအဖြစ် ဆက်ရွေ့လျားပြီး ဇွန် ၇ ရက် ညနေပိုင်းမှာ ကွမ်းခြံကုန်းမြစ်ပေါက် မုတ္တမကွေ့ပင်လယ်ပြင်ကို ရောက်လာမယ်လို့ မိုးလေဝသဆိုင်ရာ သုတေသီက ခန့်မှန်း ပြောပါတယ်။

"အဓိကဖြစ်သွားတဲ့ အနေအထားကတော့ မုတ်သုံအားကောင်းလာတယ်။ အနောက်တောင်ဘက်က လေစီးကြောင်း တအားတွန်းလာတယ်။ တွန်းလာတဲ့အတွက် စဖြစ်တဲ့နေရာကနေ မြောက်ဘက်ကို တက်မယ့်လမ်းကြောင်းက ညာဘက် ကုန်းတွင်းဘက်ကို ရွေ့သွားတယ်။ ကုန်းတွင်းဘက်ကို ရွေ့သွားတဲ့အခါကျတော့ ဒီလေပွေလှိုင်းအနေနဲ့ပဲ ဖြစ်သွားတယ်။ ကုန်းတွင်းပေါ် ရောက်သွားတဲ့အခါကျတော့ ပင်လယ်ပြင်မှာလို မဟုတ်ဘဲ အားပိုကောင်းလာပြီးတော့ မုန်တိုင်း ဖြစ်သွားတဲ့ အနေအထားမျိုး ကုန်းပေါ်မှာကျ မဖြစ်နိုင်တော့ဘူး။ မဖြစ်နိုင်တော့ ကုန်းတွင်း အထက်လေပွေလှိုင်းအနေနဲ့ပဲ ပေ ၃၀၀၀ နဲ့ ပေ ၁၈၀၀၀ လောက်မှာဖြစ်တဲ့ လေပွေလှိုင်းအနေနဲ့ သူက မြောက်ဘက်ကို တက်သွားတာပေါ့။"

"မြောက်ဘက် တက်သွားတယ်ဆိုတော့ အခုက ရခိုင်ပြည်သူတွေအတွက် သတင်းကောင်းပဲပေါ့။ နောက်ထပ် ဒုတိယ မုန်တိုင်းတလုံးအနေနဲ့ မဖြစ်တော့ဘူး။ တခုပဲ သူက အထက်လေပွေလှိုင်း အနေနဲ့ မြန်မာနိုင်ငံ ကုန်းတွင်း ဧရာဝတီမြစ်ကြောင်းနဲ့ ပဲခူးရိုးမတလျှောက်ကိုပဲ တောက်လျှောက် ဟိုးအထက် မိုးကုတ်ထိ ရွေ့သွားတယ်။ မိုးကုတ်ထိ ရွေ့သွားမယ့် အနေအထားမျိုးတွေ့တယ်။ ဒီဟာက ပြည်တွင်းမှာတော့ မုတ်သုံမိုး ကောင်းကောင်း ရွာမယ့်အနေအထားမျိုး ပိုပြီးတော့ ဖြစ်သွားတယ်။ အဲ့တော့ အခု ဖြစ်လိုက်တဲ့ ဒုတိယတလုံး ဖြစ်မယ်လို့ ခန့်မှန်းလိုက်တာက မိုးကောင်းကောင်းရွာဖို့အတွက် တွန်းပို့လိုက်တဲ့ပုံစံ ဖြစ်သွားတာပေါ့" လို့ မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

အထက်လေပွေလှိုင်းဟာ ပေ ၃၀၀၀ နဲ့ ၁၈၀၀၀ လောက်မှာ တိုက်တဲ့ လေဝဲစီးကြောင်းဖြစ်ပြီး လေတိုက်နှုန်းက အများဆုံး တနာရီ ၃၀ လောက်သာ ရှိပြီး မြေပြင်လေလည်း ဒီထက် ပိုနည်းတယ်လို့ ဆိုပါတယ်။ မြေပြင်လေအနေနဲ့ အနောက်တောင် မုတ်သုံလေ ပြင်းတဲ့ အနေအထားသာရှိပြီး မုတ်သုံ အားကောင်းလာရင် ကမ်းခြေဒေသတွေမှာ တနာရီ မိုင် ၃၀၊ ၄၀ နှုန်းနဲ့ တိုက်နိုင်တယ်လို့ မိုးလေဝသ သုတေသီက ပြောပါတယ်။

လက်ရှိ အနေအထားက အနောက်တောင် မုတ်သုံလေ ဝင်တာကြောင့် မိုးများနိုင်ပြီး ကြိုတင် ခန့်မှန်းချက်အရ ကုန်းတွင်း ဝင်ရောက်တဲ့ လေပွေလှိုင်းဟာ ဇွန်လ ၈ ရက် ညနေပိုင်းမှာ အရှေ့မြောက်ဘက်(အင်းတကော်နဲ့ ပဲခူးမြို့တွေဘက်) ကုန်းတွင်းကို ပြန်လည်ဝင်ရောက်သွားပြီး၊ မြောက်ဘက်ကို ဆက်ရွေ့လျားကာ ဇွန် ၁၂ ရက် မနက်ပိုင်း မိုးကုတ်မြို့အနီးထိ ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

"လောလောဆယ်တော့ တနင်္သာရီ ကမ်းရိုးတန်းတခုလုံး၊ မြစ်ဝကျွန်းပေါ် တခုလုံး၊ ရခိုင်ကမ်းရိုးတန်း တခုလုံး၊ ဆိုတော့ မြန်မာပြည်ရဲ့ ကမ်းရိုးတန်းတခုလုံးက အဲ့မှာက မုတ်သုံကာလမှာ အနောက် အနောက်တောင်ဘက်ကနေ လေပြင်းတိုက်တာ များမယ့် အနေအထားက မုတ္တမကွေ့လို နေရာမျိုး၊ စစ်တောင်း မြစ်ဝလို နေရာမျိုး၊ တနင်္သာရီ ကမ်းရိုးတန်းတလျှောက် မြိတ်၊ ကော့သောင်းထိ အနောက်တောင် မုတ်သုံလေ တိုက်နိုင်တယ်။ မိုးရာသီ လေကြမ်းမိုးကြမ်း တောက်လျှောက်ရှိမယ်။ ဇွန်လ တလလုံး မုတ်သုံလေ အားကောင်းတယ်။ မုတ်သုံလေက တနိုင်ငံလုံးကို ဝင်သွားပြီလို့ ယူဆရတယ်။ ဘာမှ ထူးခြားပြီး စိုးရိမ်ရမယ့် အနေအထားတော့ မဟုတ်ပါဘူး။ အခုကတော့ ကုန်းတွင်းပေါ်ကနေ ဖြတ်ပြီးတော့ လေပွေလှိုင်းအဆင့်နဲ့ပဲ ဖြစ်သွားတဲ့အတွက် မြန်မာပြည်အတွက်ကတော့ အရမ်းကံကောင်းတဲ့ အနေအထားပါ" လို့ ဦးဝင်းနိုင်က ပြောပါတယ်။

လေပွေလှိုင်းဟာ အရင် ခန့်မှန်းခဲ့တဲ့ လမ်းကြောင်းကနေ အရှေ့ဘက်ကို အတော်များများ ရောက်သွားတာကြောင့် ဘင်္ဂလားပင်လယ်အော် ရေပြင်ကျယ်ဘက် ရောက်မသွားဘဲ ကုန်းတွင်း လေပွေလှိုင်းအဖြစ်သာ မြောက်ဘက်ကို ဆက်ဝင်ရောက်ပြီး ရခိုင်ကမ်းရိုးတန်းဆီကို မုန်တိုင်း နောက်တလုံး ထပ်ဝင်မယ့် အန္တရာယ်မရှိတော့ဘူးလို့ မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က ပြောပါတယ်။

မုန်တိုင်း မရှိတော့ပေမယ့် ကုန်းတွင်းမှာ အထက်လေပွေလှိုင်းအဖြစ် ဆက်ရွေ့လျားသွားမယ့် လမ်းကြောင်းတခုလုံးမှာ မိုးသည်းနိုင်ပြီး တနာရီ မိုင် ၃၀ အထိ လေပြင်းတိုက်ကာ လေပြင်းနဲ့အတူ ပါလာတဲ့ မိုးတိမ်တောင်တွေကနေ စိုက်ဆင်းလေပြင်း ကျရောက်တာ၊ မိုးကြိုးအန္တရာယ်၊ ရေကြီးနိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်နိုင်တာ သတိထားကြဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013