DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံရသည့် ကိုမြတ်သူလင်း ပကဖအဖွဲ့ဝင်မဟုတ်ဟု ပအဖခေါင်းဆောင်ပြော 
DVB
·
June 4, 2023
ဖမ်းဆီးခံရသည့် ကိုမြတ်သူလင်း ပကဖအဖွဲ့ဝင်မဟုတ်ဟု ပအဖခေါင်းဆောင်ပြော 
Donate to DVB

စစ်ကောင်စီက ဆားလင်းကြီးပကဖအဖွဲ့ဝင်ဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့တဲ့ ကိုမြတ်သူလင်းဟာ အလွတ်တန်းဓာတ်ပုံဆရာတယောက်သာဖြစ်ပြီး ပကဖအဖွဲ့ဝင်မဟုတ်ဘူးလို့ ဆားလင်းကြီးမြို့နယ် ပအဖခေါင်းဆောင်က ပြောပါတယ်။ 

ကိုမြတ်သူလင်းကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီက  အင်အား ၁၆၀ ဝန်းကျင်နဲ့ မုံရွာတဖက်ကမ်းကနေ ဆားလင်းကြီးဆိပ်ကမ်းဘက်ကို ကူးလာတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

မေ ၃၁ ရက်နေ့တုန်းက စစ်ကိုင်းတိုင်း၊ မုံရွာဘက်ကလာတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့စစ်ကြောင်းက ဆားလင်းကြီးနယ် ညောင်ပင်ကြီးရွာဈေးနဲ့ EPC ရုံးအနီးမှာ လျှပ်စစ်ကျွမ်းကျင်အလုပ်လုပ်ကိုင်တဲ့ ကိုမြတ်သူလင်း ခေါ် ကိုဗန့်ကျီကို ဖမ်းဆီးသွားတာပါ။ 

ညောင်ပင်ကြီးရွာဟာ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအနီးမှာရှိတဲ့ ရွာကြီးတရွာဖြစ်ပြီး ကိုမြတ်သူလင်းဟာ လက်ပံတောင်းသပိတ်ကို ဓာတ်ပုံရိုက်ကူးပေးခဲ့တဲ့ အလွတ်တန်းဓာတ်ပုံဆရာတယောက်ဖြစ်ပါတယ်။ 

ကိုမြတ်သူလင်းဟာ မိုခါမုန်တိုင်းကြောင့် ညောင်ပင်ကြီးရွာအနီးမှာ လဲကျနေတဲ့ ဓာတ်တိုင်တွေနဲ့ ဓာတ်ကြိုးတွေကို ကူညီပြင်ဆင်ပေးနေတုန်းမှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

ဆားလင်းကြီး ပအဖခေါင်းဆောင်က "အဖမ်းခံရတဲ့ဖြစ်စဉ်ကလည်း မုံရွာဘက်ကနေပြီးတော့ ညောင်ပင်ကြီးရဲစခန်းထဲကို လာမယ့်စစ်ကြောင်းနဲ့တွေ့သွားတာပေါ့လေ။ တွေ့သွားရင်းနဲ့ အဖမ်းခံရတယ်လို့ သိထားပါတယ်။ သူ့ရဲ့ရပ်တည်မှုကတော့ လျှပ်စစ်ကျွမ်းကျင်အဆင့်နဲ့ သူ့ဘဝရပ်တည်ခဲ့တာပေါ့။ ခုကျ ပအဖ တာဝန်ခံနဲ့ မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားတဲ့ ဓာတ်တိုင်တွေ ဓာတ်ကြိုးတွေ အဲ့ဒါတွေကိုလိုက်ပြီးတော့ ပြုပြင်ပေးနေတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ပရဟိတစိတ်နဲ့ လုပ်ပေးနေတဲ့အချိန်မှာ သူတို့စစ်ကြောင်းနဲ့တွေ့ပြီးတော့ အဆွဲခံလိုက်ရတာ။"

ကိုမြတ်သူလင်းကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီတပ်သားတွေက ဇွန် ၃ ရက်နေ့မှာ မုံရွာ စစ်ကြောရေးကိုပို့ခဲ့ပြီး နှိပ်စက်မှုတွေကြောင့် ပအဖ အဖွဲ့ဝင်ဆိုပြီး ဝန်ခံလိုက်တာမျိုး ဖြစ်နိုင်ပေမယ့် တကယ်တမ်းမှာတော့ အဖွဲ့ဝင်မဟုတ်ဘူးလို့ ပအဖခေါင်းဆောင်က ပြောပါတယ်။ 

ကိုမြတ်သူလင်းကို ဖမ်းဆီးပြီးနောက် ဇွန် ၄ ရက်နေ့မနက် ၉ နာရီဝန်းကျင်မှာ မုံရွာဘက်ကမ်းကနေ ဆားလင်းကြီးနယ် ညောင်ပင်ကြီးဆိပ်ကမ်းကို အင်အား ၁၆၀ လောက်ပါတဲ့စစ်ကြောင်းက ချင်းတွင်းမြစ်ကို ဖြတ်ကူးလာတာကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆားလင်းကြီး ပအဖ ခေါင်းဆောင်က ပြောပါတယ်။

"မနေ့က မုံရွာဖက်စစ်ကြောရေးကိုခေါ်သွားတယ်။ စစ်ကြောရေးရောက်ပြီဆိုမှတော့ ခွေးတွေရဲ့ထုံးစံအတိုင်း ရိုက်မှာနှက်မှာပဲလေ။ တော်လှန်ရေးအင်အားစု ဟုတ်ဟုတ် မဟုတ်ဟုတ် လူငယ်ဆိုဖမ်းတာပဲ နှိပ်စက်တော့တာပဲ။ သူတို့လုပ်ထုံးလုပ်နည်းအတိုင်း အဲ့ဒီလို ရက်စက်နေတာပါပဲ။ အဲ့ဒါနဲ့တဆက်စပ်တည်း ဘာဖြစ်လာလဲဆို ခုမကြာသေးဘူး ခုလေးတင်ပဲ အင်အား ၁၆၀ လောက်က ကျနော်တို့ ညောင်ပင်ကြီးဆိပ်ကမ်းကိုရောက်လာတယ်။"

စစ်ကြောရေးမှာ နှိပ်စက်ခံနေရတဲ့ ကိုမြတ်သူလင်းဟာ ဓာတ်ပုံဆရာ၊ လျှပ်စစ်ကျွမ်းကျင်သူတစ်ယောက်သာဖြစ်ပေမယ့် စစ်ကောင်စီက PDF ခေါင်းဆောင်လို့ တဖက်သတ်စွပ်စွဲပြီး နှိပ်စက်တာ၊ လက်စတုန်း သတ်ဖြတ်တာတွေပြုလုပ်မှာကို စိုးရိမ်တယ်လို့ သူ့ရဲ့သူငယ်ချင်းတယောက်က ပြောပါတယ်။

"စစ်ကောင်စီဘက်က သူ့ကို PDF ခေါင်းဆောင်ဆိုပြီးတော့ စွပ်စွဲနေတာတွေတော့ ကြားရတယ်။ နောက်တချက်က သူ့အသက်အန္တရာယ်ကလည်း စိုးရိမ်ရတယ်။ စစ်ကြောရေးမှာရိုက်နှက်ခံရတာ စိုးရိမ်ရတဲ့ အခြေအနေတွေပေါ့။ PDF ခေါင်းဆောင်ဆိုပြီးတော့ လက်စတုန်းလိုက်မှာလည်း ကျနော်တို့က စိုးရိမ်တယ်ပေါ့နော်။"

မေ ၃၁ ရက်နေ့တုန်းက စစ်ကောင်စီက ကိုမြတ်သူလင်းအပါအဝင် ၄ ယောက်ကို ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့် ပြည်သူတယောက် ဒူးခေါင်းမှာ ကျည်ထိမှန်ဒဏ်ရာရခဲ့ပါတယ်။ 

ဇွန် ၃ ရက်နေ့မှာ ကိုမြတ်သူလင်းကို မုံရွာဘက်ကမ်း စစ်ကြောရေးကိုပို့ခဲ့ပြီး ကျန် ၃ ယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013