DVB Logo
Home
မြန်မာသတင်း
လူထုဆန္ဒဖော်ဆောင်နိုင်မည့် နိုင်ငံရေးအဖြေ ထွက်ပေါ်လာရေး နိုလင်းဟေဇာ ဆောင်ရွက်ရန်လိုဟု NUG ပြော
DVB
·
June 4, 2023
လူထုဆန္ဒဖော်ဆောင်နိုင်မည့် နိုင်ငံရေးအဖြေ ထွက်ပေါ်လာရေး နိုလင်းဟေဇာ ဆောင်ရွက်ရန်လိုဟု NUG ပြော
Donate to DVB

မြန်မာစစ်အုပ်စုက အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုတွေ ရပ်တန့်ဖို့နဲ့ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီရေးရာ စိတ်ဆန္ဒကို ဖော်ဆောင်နိုင်မယ့် နိုင်ငံရေး အဖြေတရပ် ထွက်ပေါ်လာဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာ အနေနဲ့ ကိုယ်တိုင် ကိုယ်ကျ ဦးစားပေးဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂ ရက်က NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ် ဇင်မာအောင်နဲ့ ဒေါက်တာ နိုလင်းဟေဇာတို့ လူချင်းတွေ့ဆုံခဲ့မှုအပြီးမှာ ခုလို ထုတ်ပြန်လိုက်တာပါ။

ဒီဆွေးနွေးမှုအတွင်း NUG နိုင်ငံခြားရေးဝန်ကြီးက ဒေါက်တာဟေဇာရဲ့ အထူးကိုယ်စားလှယ် ဆိုင်ရာ တာဝန်ဝတ္တရားတွေ အဆုံးသတ်ဖို့ ဆုံးဖြတ်မှုကို အသိအမှတ်ပြု လက်ခံကြောင်းနဲ့ NUG အစိုးရအနေနဲ့ ဒေါက်တာ ဟေဇာရဲ့ နှစ်မြှုပ်ဆောင်ရွက်ခဲ့မှုတွေကို အသိအမှတ်ပြုတယ်လို့ ဆိုပါတယ်။

ဒေါက်တာဟေဇာဟာ အထူးကိုယ်စားလှယ်ရဲ့ တာဝန်တွေကို ထမ်းဆောင်ရာမှာ မြောက် မြားစွာသော အတွေ့အကြုံ၊ အင်အား စိုက်ထုတ်မှုတွေနဲ့ စိတ်ပိုင်းဖြတ်မှုခိုင်မာစွာ ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့အပြင် အထူးသဖြင့် အကူအညီ အလွန်အမင်း လိုအပ်နေတဲ့ လူမှု အသိုက်အဝန်းတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိဖို့နဲ့ မြန်မာ အမျိုးသမီးတွေရဲ့ ထုတ်ဖော်ဖွင့်ဟမှု အသံတွေကို မြှင့်တင်ပေးနိုင်ဖို့အတွက်လည်း ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါပေမယ့် ဒေါက်တာ ဟေဇာ ဝန်ခံ ပြောကြားတဲ့အတိုင်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖြေရှင်းဆောင်ရွက်မှု ကင်းမဲ့ခြင်းက အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရာမှာ သူရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ အတားအဆီးတွေကို ပိုမိုခက်ခဲဆိုးရွား စေခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ရလဒ်အနေနဲ့ကတော့ သူ့ရဲ့ အထူးကိုယ်စားလှယ် သက်တမ်းအတွင်း တရားမဝင် စစ်အုပ်စုက ကြမ်းကြုတ်ရက်စက်ယုတ်မာမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်လုပ်ဆောင်ခဲ့တဲ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တောင်းဆိုချက်တွေကို လျစ်လျူရှုကာ အာဆီယံ အဖွဲ့ကြီးနဲ့ သဘောတူညီထားတဲ့ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမှုတွေကိုလည်း ဟန့်တား နှောင့်ယှက်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာဟာ အခု ဇွန်လထဲမှာ ရာထူးတာဝန်ကနေ အနားယူတော့မှာဖြစ်တယ်လို့ ကုလသမဂ္ဂ ပြောရေးဆို ခွင့်ရှိသူက  မေ ၃၁ ရက်မှာ  ကြေညာထားပါတယ်။

ဒေါက်တာ ဟေဇာဟာ သူ့ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဇွန် ၁၂ ရက်နေ့မှာ ထွက်ခွာမယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်  မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီ အရပ်သားအစိုးရထံကနေ  စစ်တပ်က တရားမဝင် အာဏာလုယူခဲ့ပြီး နောက် ၈ လလောက်အကြာ  အောက်တိုဘာလမှာ စင်ကာပူနိုင်ငံသူ ဝါရင့် သံတမန်ဟောင်း နိုလင်းဟေဇာက ဒီတာဝန်ကို  စတင်ထမ်းဆောင်ခဲ့တာပါ။

ခရစ္စတင်းရှာရာနာဘာဂီနာထံကနေ တာဝန်လွှဲပြောင်းရယူခဲ့တဲ့ ဒေါက်တာ နိုလင်းဟေဇာဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် လပေါင်း ၂၀ လောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ခရီးစဉ်အဖြစ် ပြီးခဲ့တဲ့နှစ် ဩဂုတ် ၁၆ ရက်မှာ သွားရောက်ခဲ့ပြီး နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့  ဩဂုတ် ၁၇ ရက်က တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ အရပ်သားအုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီစနစ် ဆီပြန်သွားဖို့နဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ဆီပြန်ပို့ပြီး သူနဲ့တွေ့ခွင့်ပေးဖို့  နိုလင်းဟေဇာက  စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံစဉ်မှာ တောင်းဆိုခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့သလို တောင်းဆိုချက်တွေလည်း တခုမှ အကောင်အထည်ပေါ်မလာခဲ့ပါဘူး။

ဒါ့အပြင် ဒေါက်တာဟေဇာဟာ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့လည်း ထိတွေ့ ဆက်ဆံဖူးသူ ဖြစ်ပြီး ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေး ကိစ္စတွေ၊ နာဂစ်မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေး ကိစ္စတွေမှာ အာဆီယံ၊ ကုလနဲ့ အဲဒီအချိန်က မြန်မာအာဏာပိုင်တွေကြား နီးနီးကပ်ကပ် အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း ဒေါက်တာ ဟေဇာဟာ မြန်မာ့အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ အာ ဆီယံနိုင်ငံတွေကို သွားရောက်ခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်ဆောင်ရေး၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးရဖို့ သံတမန်နည်းအရ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသေးတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဒေါက်တာ နိုလင်းဟေဇာဟာ တာဝန်ယူခဲ့တဲ့ သက်တမ်းအတွင်း  အာဏာသိမ်း စစ်ကောင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှု မရရှိတဲ့အတွက် သိသာထင်ရှားတဲ့ ရလဒ်တခုမှမရှိဘဲ တာဝန်မှ အနားယူချိန်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013