
ရခိုင်ပြည်နယ်မှာ မုန်တိုင်းလွန်ကာလပျက်စီးသွားတဲ့ ကျောင်းတွေကို ပြန်လည်မပြုပြင်ရသေးဘဲ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် မဖြစ်မနေ ကျောင်းတက်ခိုင်းနေတယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
မုန်တိုင်းလွန်ကာလ စစ်ကောင်စီအုပ်ချုပ်မှုအောက်က ရခိုင်ပြည်နယ်က တချို့ကျောင်းတွေမှာ အမိုးအကာမရှိဘဲ စာသင်ကြားနေကြရတယ်လို့ ဆိုပါတယ်။
"ကျောင်းကတော့ ပြင်ဖို့စလုပ်နေတဲ့အဆင့်မှာပဲ တက်နေရပြီ။ မတက်လို့လည်းမရဘူး။ ခရိုင်ကဖြစ်ဖြစ်၊ မြို့နယ်ကဖြစ်ဖြစ် လာစစ်တယ်လေ။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမလာနိုင်သေးတဲ့သူတွေဆို ချက်ချင်း ရုံးကိုခေါ်တယ်" လို့ ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။
မုန်တိုင်းကြောင်း တကျောင်းလုံးပြိုသွားတဲ့ ကျောင်းတွေလည်း ဘုန်းကြီးကျောင်းတွေမှာ ရအောင် ဖွင့်ရတယ်လို့ဆို ဆိုပါတယ်။
ကျောင်းဖွင့်မဖွင့် စစ်ဆေးရေးတွေလည်းရှိနေတာဖြစ်ပြီး ရှောင်တခင် စစ်ဆေးခြင်းမျိုးမဟုတ်ပဲ စစ်ဆေးရေးလာမယ့်အကြောင်း ကြိုအကြောင်းကြားထားတာကြောင့် မပြုပြင်ရသေးဘဲ ကျောင်းဖွင့်နေရတာလို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
မုန်တိုင်းမတိုင်ခင်ကာလကတည်းက စာသင်ကျောင်းရဲ့အင်္ဂါရပ်နဲ့ မညီတဲ့ကျောင်းပေါင်းများစွာ ရခိုင်ပြည်နယ် အနှံ့အပြားမှာ ရှိနေတာလို့ ဆိုပါတယ်။
မုန်တိုင်းကြောင်း နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပညာရေးဝန်ထမ်းတွေဟာလည်း ကျောင်းတက်ရမယ်ဆိုပြီး ကျောင်းအုပ်က ဖုန်းဆက် ဖိအားပေးနေတယ်လို့ သိရပါတယ်။
ကျောင်းသား ၅၀၀၀ နီးပါးရှိတဲ့ စစ်တွေ အထက်တန်းကျောင်းမှ ပညာရေးဝန်ထမ်းတဦးက “ပညာရေးဝန်ကြီးကိုယ်တိုင် စစ်ဆေးတယ်လို့ သိရပါတယ်။ ကလေးတွေကို အဖြူအစိမ်းတွေ ရအောင်ဝတ်ခဲ့ဖို့ ပြန်ခိုင်းရတာတွေရှိတယ်။ ကျောင်းက တဆောင်တည်းနည်းနည်း အဆင်ပြေသလို အခန်းဖွဲ့လို့ရပေမယ့် ၇၅ ရာခိုင်နှုန်းလောက် ပျက်စီးနေတဲ့ကျောင်းမှာ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးတွေ လာစစ်ချိန် စာတွေသင်ပြနေရတယ်” လို့ ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ ဝန်ထမ်းတွေကို မဖြစ်မနေကျောင်းတက်ဖို့ ဖိအားပေးနေပေမယ့် မုန်တိုင်းလွန်ကာလ သီးခြားထောက်ပံ့ပေးမှုတွေလည်း မရှိဘူးလို့ ဆိုပါတယ်။
ရှားပါးစားရိတ်မရတဲ့ မြို့ပေါ်ကျောင်းတွေမှာ တာဝန်ကျတဲ့ ပညာရေးဝန်ထမ်းတွေဟာ သုံးဘီးတွေကို စုငှားသွားကြရပြီး လစာရဲ့သုံးပုံတပုံလောက် ခရီးစရိတ် ကုန်ကျနေတာကြောင့် အခက်အခဲကြုံနေကြရတယ်လို့ သိရပါတယ်။










