
သထုံ-ဘားအံ အာရှလမ်းမပေါ် ဒူးရင်းဆိပ်တံတား (မွန်/ကရင် နယ်စပ်) ရှိ စစ်ကောင်စီစစ်ဆေးဂိတ်အား အမှတ် (၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုစစ်ကြောင်းက ဇွန် ၁ ရက် မနက် ၆ နာရီခွဲလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင်မိတ်ဖက် တော်လှန်ရေးတပ်ပေါင်းစုက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒူးရင်းဆိပ် (မွန်/ကရင်နယ်စပ်) စစ်ဆေးရေးဂိတ်အား တပ်ပေါင်းစု Sniper Team အဖွဲ့က ပထမဆုံးပစ်ခတ်ခဲ့ပြီး အသင့်ပြင်ထားတဲ့ ကားမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် ဘားအံတပ်မ ၂၂ ကနေ စစ်ကူပေးဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ယာဥ်တန်းကိုလည်း သထုံ/ဘားအံ အောက်ကော့ရင်းကျေးရွာအနီးမှာ UNITED DEMOCRATIC FORCE - UDF က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ ဘားအံ တပ်မ ၂၂ မှ ဗိုလ်ကြီးမိုးမင်းအပါအဝင် ၈ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒူးရင်းဆိပ်စစ်ဆေးရေးဂိတ်အား စစ်ဆင်ရေးပြုလုပ်ချိန် ၁ နာရီ နီးပါးမျှကြာမြင့်ခဲ့ကြောင်း၊ ဒါ့အပြင် ကျောက်တလုံး-ဝင်းဒရယ်ရွာဘတ်မှ စစ်ကူလာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်း BGF အဖွဲ့ကို ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ဆင်းရေးအတွင်း စစ်ကောင်စီ ဘားအံ တပ်မ ၂၂ မှ ဗိုလ်ကြီးမိုးမင်း၊ ဒုရဲမှူး သီဟဇော် - အပါအဝင် စုစုပေါင်း ၄၅ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့ကြောင်း၊ G3 ၂ လက် ကျည်ဘောက် ၃ ခု၊ MA ၁ လက် ကျည်ဘောက် ၂ ခု၊ Uzi 9mm ၁ လက်၊ AKP စက်သေနတ် ၁လက်၊ ဖုန်း ၂ လုံး၊ AK ကျည် ၃၀၃ တောင့် နဲ့ G3 ကျည် ၂၁၀ တောင့်တို့ကို ပူးပေါင်းအဖွဲ့က သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အမှတ်(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုဘက်ကတော့ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပြီး ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ဆင်ရေးတွေ ပြုလုပ်ရာမှာ ပြည်သူထိခိုက်မှုမရှိစေဖို့ အထူးသတိပြု ဆောင်ရွက်နေတယ်လို့ ပူးပေါင်းအဖွဲ့က ဆိုပါတယ်။
ဇွန် ၃ ရက် မွန်းတည့် ၁၂ နာရီ ခွဲလောက်ကလည်း မွန်ပြည်နယ် ကျိုက်ထိုမြိုနယ်၊ လက်ပံပင်ကျေးရွာသင်္ချိုင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကင်းတဲကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစုက ထုတ်ပြန်ပါတယ်။
KRF ပြန်ကြားရေးတာဝန်ခံက “သင်္ချိုင်းမှာတပ်စွဲထားတာ အတော်ကြာပြီ။ ဒီနေရာက အစကတည်းက စစ်ရေး ပစ်မှတ်ပါ။ အခုထိ သိရသလောက်တော့ ၃ ယောက် သေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
ကျိုက်ထိုတော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲက ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ပစ်ချတိုက်ခိုက်ရာ စစ်တပ်ကင်းတဲစခန်း ပျက်စီးခဲ့ပြီး ၃ ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
လက်ပံပင်သင်္ချိုင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ခရီးသွားယာဉ်တွေနဲ့ ဒေသခံတွေကို တားဆီးစစ်ဆေးတာ၊ ညအချိန်ကျေးရွာတွေအတွင်းကို သေနတ်ပစ်ခတ်တာတွေ လုပ်ဆောင်နေ တယ်လို ဆိုပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာရှိ ဦးပန်းရွှေဆိုသူ စစ်မှုထမ်းဟောင်း တယောက် ဇွန် ၂ ရက် ညနေ ၇ နာရီ ၄၅ မိနစ်လောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က "စစ်ကောင်စီရဲ့သတင်းပေးလည်း လုပ်တယ်။ စစ်မှုထမ်းဟောင်းပါ။ ခြိမ်းခြောက်တာတွေရှိတယ်။ ဘိလိယက်ခုံကအထွက် စောင့်ပစ်တာ ဖြစ်ပြီး လက်နက်ငယ် ၂ လက်နဲ့ခဲယမ်းပါ ရယူနိုင်ခဲ့တယ်" လို့ ပြောပါတယ်။
ပစ်ခတ်မှုအပြီး စစ်တပ်က ချောင်းတောင်ရွာထဲ၌ လမ်းပိတ်ကာ ပိတ်ဆို့စစ်ဆေးခဲ့ပေမဲ့ ရေးဘီးလူးအဖွဲ့သားတွေ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
ရေးမြို့နယ်မှာတော့ ရေးဘီးလူးအဖွဲ့လက်ချက်ကြောင့် သတင်းပေးတွေ၊ စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအပါဝင် သေဆုံးသူတွေ အများပြားရှိနေပါပြီ။