DVB Logo
Home
မြန်မာသတင်း
ဒူးရင်းဆိပ်တံတားဂိတ်နှင့်လက်ပံပင်သင်္ချိုင်း၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ ပြီး ၅၀ ခန့်သေဆုံး
DVB
·
June 4, 2023
ဒူးရင်းဆိပ်တံတားဂိတ်နှင့်လက်ပံပင်သင်္ချိုင်း၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ ပြီး ၅၀ ခန့်သေဆုံး
Donate to DVB

သထုံ-ဘားအံ အာရှလမ်းမပေါ် ဒူးရင်းဆိပ်တံတား (မွန်/ကရင် နယ်စပ်) ရှိ စစ်ကောင်စီစစ်ဆေးဂိတ်အား အမှတ် (၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုစစ်ကြောင်းက ဇွန် ၁ ရက် မနက် ၆ နာရီခွဲလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့  သထုံခရိုင်မိတ်ဖက် တော်လှန်ရေးတပ်ပေါင်းစုက သတင်းထုတ်ပြန်လိုက်ပါတယ်။ 

ဒူးရင်းဆိပ် (မွန်/ကရင်နယ်စပ်) စစ်ဆေးရေးဂိတ်အား တပ်ပေါင်းစု Sniper Team အဖွဲ့က ပထမဆုံးပစ်ခတ်ခဲ့ပြီး အသင့်ပြင်ထားတဲ့ ကားမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် ဘားအံတပ်မ ၂၂ ကနေ စစ်ကူပေးဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ယာဥ်တန်းကိုလည်း သထုံ/ဘားအံ အောက်ကော့ရင်းကျေးရွာအနီးမှာ UNITED DEMOCRATIC FORCE - UDF က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ ဘားအံ တပ်မ ၂၂ မှ ဗိုလ်ကြီးမိုးမင်းအပါအဝင်  ၈ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒူးရင်းဆိပ်စစ်ဆေးရေးဂိတ်အား စစ်ဆင်ရေးပြုလုပ်ချိန် ၁ နာရီ နီးပါးမျှကြာမြင့်ခဲ့ကြောင်း၊ ဒါ့အပြင် ကျောက်တလုံး-ဝင်းဒရယ်ရွာဘတ်မှ စစ်ကူလာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်း BGF အဖွဲ့ကို ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ဆင်းရေးအတွင်း စစ်ကောင်စီ ဘားအံ တပ်မ ၂၂ မှ ဗိုလ်ကြီးမိုးမင်း၊ ဒုရဲမှူး သီဟဇော် -  အပါအဝင် စုစုပေါင်း ၄၅ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့ကြောင်း၊ G3  ၂ လက် ကျည်ဘောက် ၃ ခု၊ MA ၁ လက် ကျည်ဘောက် ၂ ခု၊  Uzi 9mm ၁ လက်၊ AKP စက်သေနတ် ၁လက်၊ ဖုန်း ၂ လုံး၊ AK ကျည် ၃၀၃ တောင့် နဲ့ G3 ကျည် ၂၁၀ တောင့်တို့ကို ပူးပေါင်းအဖွဲ့က သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အမှတ်(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုဘက်ကတော့ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့ပြီး ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ဆင်ရေးတွေ ပြုလုပ်ရာမှာ ပြည်သူထိခိုက်မှုမရှိစေဖို့ အထူးသတိပြု ဆောင်ရွက်နေတယ်လို့ ပူးပေါင်းအဖွဲ့က ဆိုပါတယ်။

ဇွန် ၃ ရက် မွန်းတည့် ၁၂ နာရီ ခွဲလောက်ကလည်း မွန်ပြည်နယ် ကျိုက်ထိုမြိုနယ်၊ လက်ပံပင်ကျေးရွာသင်္ချိုင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကင်းတဲကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစုက ထုတ်ပြန်ပါတယ်။

KRF ပြန်ကြားရေးတာဝန်ခံက “သင်္ချိုင်းမှာတပ်စွဲထားတာ အတော်ကြာပြီ။ ဒီနေရာက အစကတည်းက စစ်ရေး ပစ်မှတ်ပါ။ အခုထိ သိရသလောက်တော့ ၃ ယောက် သေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ကျိုက်ထိုတော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲက ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ပစ်ချတိုက်ခိုက်ရာ စစ်တပ်ကင်းတဲစခန်း ပျက်စီးခဲ့ပြီး ၃ ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

လက်ပံပင်သင်္ချိုင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ခရီးသွားယာဉ်တွေနဲ့ ဒေသခံတွေကို တားဆီးစစ်ဆေးတာ၊ ညအချိန်ကျေးရွာတွေအတွင်းကို သေနတ်ပစ်ခတ်တာတွေ လုပ်ဆောင်နေ တယ်လို ဆိုပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ်၊  ချောင်းတောင်ကျေးရွာရှိ ဦးပန်းရွှေဆိုသူ စစ်မှုထမ်းဟောင်း တယောက် ဇွန် ၂ ရက် ညနေ ၇ နာရီ ၄၅ မိနစ်လောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က "စစ်ကောင်စီရဲ့သတင်းပေးလည်း လုပ်တယ်။  စစ်မှုထမ်းဟောင်းပါ။  ခြိမ်းခြောက်တာတွေရှိတယ်။ ဘိလိယက်ခုံကအထွက် စောင့်ပစ်တာ ဖြစ်ပြီး လက်နက်ငယ် ၂ လက်နဲ့ခဲယမ်းပါ ရယူနိုင်ခဲ့တယ်" လို့  ပြောပါတယ်။

ပစ်ခတ်မှုအပြီး စစ်တပ်က ချောင်းတောင်ရွာထဲ၌ လမ်းပိတ်ကာ ပိတ်ဆို့စစ်ဆေးခဲ့ပေမဲ့ ရေးဘီးလူးအဖွဲ့သားတွေ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ရေးမြို့နယ်မှာတော့ ရေးဘီးလူးအဖွဲ့လက်ချက်ကြောင့် သတင်းပေးတွေ၊ စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအပါဝင် သေဆုံးသူတွေ အများပြားရှိနေပါပြီ။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013