
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မေ ၂ ရက် ညက သေနတ်ကိုင် အမည်မသိအဖွဲ့က မော်တော်ယာဉ် ၅ စီးထက် မနည်း လုယက် ဓားပြတိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံးခင်းကျေးရွာ ငြိမ်းချမ်းသာယာရပ်ကွက်၊ လုံးခင်းသံတံတားပေါ်မှာ သေနတ်ကိုင် ၅ ယောက်က အိမ်စီးကား ၅ စီးကို တားဆီးလုယက်သွားတာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတဦးက "ည ၉ နာရီလောက် လုံးခင်းသံတံတားပေါ်မှာ ဖြတ်သွားတဲ့ အိမ်စီးကား တွေကို ဓားပြတိုက် လုယက်သွားတာ။ သေနတ်တွေ ပစ်ပြီး လာသမျှကားတွေကို တားတယ်။ ကား ၅ စီး ပါသွားတယ်။ လုယက်တဲ့သူတွေက မျက်နှာမှာ မျက်နှာဖုံးတွေ တပ်ထားတော့ ဘယ်သူတွေ၊ ဘယ်အဖွဲ့ဆိုတာ မသိရဘူး" လို့ ပြောပါတယ်။
ကား ၅ စီးကို လုယက်သွားသူ အမျိုးသား ၅ ယောက်ဟာ အသက် ၂၅ နှစ်မှ ၃၀ ဝန်းကျင် အရွယ်တွေဖြစ်ပြီး မျက်နှာမှာ MASK တပ်ဆင်ကာ လုယက် ဓားပြတိုက်ခဲ့တာဖြစ်ပါတယ်။
ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ မေ ၂၈ ရက်ကလည်း ကျောက်စိမ်းအရောင်းအဝယ်လုပ်ကိုင်တဲ့ တရုတ်အမျိုးသား လောပန်းတဦးရဲ့အိမ်က တန်ဖိုးကြီး ကျောက်စိမ်းတုံးနှစ်တုံး၊ ရွှေချောင်း ငွေသားတွေအပါအဝင် တန်ဖိုးကြီး အိမ်စီးကား နှစ်စီး ဓားပြတိုက်ခံခဲ့ရပြီး မေ ၃၀ ရက်နေ့ကလည်း တည်းခိုရိပ်သာ ပိုင်ရှင် အမျိုးသမီးတဦးကို သတ်ကာ ရွှေနဲ့ ပိုက်ဆံများ ဓားပြတိုက်ခံခဲ့ ရပါသေးတယ်။