
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းက မရမ်းအင်းကျေးရွာ (ပုတက်ကုန်း) ရွာကို ဇွန် ၂ ရက် မနက်မှာ စစ်တပ်က ပစ်ခတ်ဝင်ရောက်ခဲ့သဖြင့် မရမ်းအင်းရွာအပါအဝင် နီးစပ်ရာကျေးရွာ ၁၄ ရွာက ဒေသခံ ၁ သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြော ပါတယ်။
စစ်ကောင်စီတပ်က ဇွန် ၃ ရက်ညနေအထိ မရမ်းအင်းရွာမှာ တပ်စွဲနေတာကြောင့် စစ်ရှောင်တွေအနေနဲ့ စားဝတ်နေရေး ခက်ခဲနေပြီး အကူညီတွေ လိုနေတယ်လို့ ခင်ဦးမြို့နယ် ဒေသတွင်းကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဇွန် ၁ ရက်က ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်း စတင်ဝင်ရောက်လာပြီး ရွာသစ်ရွာမှ နေအိမ် ၇ လုံးနဲ့ အသက် ၅၀ အရွယ် ဒေသခံ တဦးကို မီးရှို့သတ်ဖြတ်ခဲ့ကာ ဇွန် ၂ရက်မှာလည်း ကျီးအိုင်ရွာမှ ကား ၁ စီး နဲ့ နေအိမ် ၁ လုံးကို မီးရှို့ခဲ့ကြတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုပါတယ်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မြောက်ဘက်ခြမ်း၊ ချင်းတွင်းမြစ်ကမ်းဘေးက ကျေးရွာတွေကို မေ ၂ ရက်ညမှာ စစ်တပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွ ထွက်ပြေးနေကြရတယ်လို့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
မေ ၃၁ ညနေက ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းစောင့် စစ်ကောင်စီ တပ်နဲ့ ရဲတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ဂိတ်ကို ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း ဓားမဆိုင်း တပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခဲ့အပြီး အခုလို ပစ်ခတ်လာ တာပါ။
ဇွန် ၂ ရက် ည ၁ဝ နာရီခန်ကြစတင်ကာ အိုမရွာ၊ ပလောင်ရွာ၊ ကူးတို့ကုန်းရွာတွေဘက်ကို မုံရွာမြစ်ကမ်းတာပေါင်ပေါ်က လက်နက်ကြီးတွေနဲ့ ၇ ချက်၊ နဲ့တရုတ်လူမျိုးပိုင် ဝမ်ပေါင်ကြေးနီ လုပ်ကွက်တွေဘက်ကနေ ၁၂ဝ မမ လက်နက်ကြီးတွေနဲ့ ၄ ချက်ပစ်ခတ်ခဲ့ပြီး ကျေးရွာတွေပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ Hero Figther(Salingyi) တိုက်ခိုက်ရေးအထူးအဖွဲ့ခေါင်းဆောင် ဗိုလ်သူရိန်က ပြောပါတယ်။
"ည ၁ဝ နာရီလောက်က စပစ်တာပါ။ ဆားလင်းကြီးမြောက်ဘက်က ရွာသုံးရွာကို ပစ်နေတာပါ။ ကျေးရွာတွေထဲ ကျတော့ လူ ၁ သောင်းကျော် ညကြီး အချိန်မတော် ထွက်ပြေးခဲ့ရတယ်။ ဒီမနက်မှာတော့ မုံရွာမြို့ခံတွေကနေပြီး မြစ်ကမ်းတာဘောင်ကနေ ပစ်တာ ဟုတ်မှန်တယ်လို့ ဖုန်းဆက်လာပါတယ်။"
စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျေးရွာနေသူတွေကို နီးစပ်ရာဒေသကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
မေ ၁၇ ရက်ကလည်း စစ်ကောင်စီတပ်က လည်တော်ရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဘုရားစေတီတွေနဲ့ သာသနိကအဆောက်အအုံတွေ ပျက်စီးသွားခဲ့ပါတယ်။










