DVB Logo
Home
မြန်မာသတင်း
ကလိန်အောင်-ထားဝယ် ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
June 4, 2023
ကလိန်အောင်-ထားဝယ် ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ကလိန်အောင်-ထားဝယ် ကားလမ်းပေါ်ရှိ စစ်ကောင်စီရဲ့ ကလိန်အောင် အခြေစိုက် အမှတ် ၄၀၈ ခြေမြန်တပ်ရင်းနဲ့ မောင်မယ်ရှောင်ရွာ ဘုရားမဲ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက မေ ၁၆ ရက်ကနေ ၃၁ ရက်အတွင်း ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

မေ ၁၆ ရက်၊ ၁၈ ရက်၊ ၂၆ ရက်နဲ့ ၂၉ ရက်တွေမှာ ကလိန်အောင်အခြေစိုက် ရွှေဘီလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကော်သူးလေအာမီနဲ့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကလိန်အောင်အခြေစိုက် စစ်ကောင်စီ အမှတ် ၄၀၈ ခြေမြန်တပ်ရင်းကို လက်နက်ကြီးတွေနဲ့ ၄ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဇွန် ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ ဦးရေအတိအကျ ဖော်ပြထားတာမျိုး မတွေ့ရပါဘူး။

အဲဒီပစ်ခတ်တိုက်ခိုက်မှုတွေအပြီးမှာ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပြီး ကလိန်အောင်မြို့နယ် ကျောက်ရှပ်ရွာသား ၅ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရွာသားတွေဆီက သိရပါတယ်။

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာမှာလည်း စစ်ကောင်စီတပ်သားတွေ မေ ၃၀ ရက်က နေရာ ၃ ခုမှာ တပြိုင်တည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

မောင်မယ်ရှောင်ရွာ စာသင်ကျောင်း၊ တံတားဖြူ သဲကွက် နဲ့ ဘုရားမဲ စစ်ကောင်စီဂိတ် နေရာ ၃ ခုကို ထားဝယ် ပကဖ၊ DGRF အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အတည်မပြုနိုင်ခဲ့ပေမဲ့ မောင်မယ်ရှောင်စာသင်ကျောင်းက စစ်ကောင်စီတပ်သားတွေကတော့ ညတွင်းချင်း ထွက်ပြေးသွားတယ်လို့ DGRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မေ ၃၁ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း ကလိန်အောင်မြို့မှ ရေဖြူမြို့ဘက်ကိုလာတဲ့ ဖောကား ၄ စီးနဲ့ ဟွန်ဒါဖစ်တစီးပါ စစ်ယာဉ်တန်းကို မိုင် ၃၀ ကျေးရွာ တံတားအနီး ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ TPLF နဲ့ DNLA ရေဖြူအလယ်ပိုင်း ပကဖ တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ TPLF က ထုတ်ပြန်ပါတယ်။

အဲဒီယာဉ်တန်းတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က သေဆုံးသူ ၁ဝ ဦးအပြင် ဒဏ်ရာရသူလည်း ၁၀ ဦးထက်မနည်းရှိကြောင်း TPLF အဖွဲ့က အတည်ပြုပါတယ်။

ကလိန်အောင်-ထားဝယ် လမ်းပိုင်းမှာ မေလအလယ်ပိုင်းကစပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှု ရှိနေခဲ့ပြီး စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013