
ကမ္ဘာ့ရွှေဈေး တကျော့ပြန် မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးလည်း ကျပ် ၁၀၁ သိန်းဝန်းကျင်အထိ ပြန်လည်မြင့်တက်လာပါတယ်။
ဩဂုတ် ၁၇ ရက် မနက်ပိုင်းမှာ ကမ္ဘာ့ရွှေဈေးက တအောင်စကို ဒေါ်လာ ၄,၄၁၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ညနေပိုင်းမှာတော့ ဒေါ်လာ ၄,၄၀၀ ဝန်းကျင်မှာ ရှိနေပါတယ်။
ဇူလိုင်လနောက်ဆုံးပတ်က ဒေါ်လာ ၄,၁၀၀ အောက်မှာ ရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ သီတင်းပတ်နှစ်ပတ်ကျော်အတွင်း ဒေါ်လာ ၄,၄၀၀ ဝန်းကျင်အထိ ရောက်ရှိလာတာကြောင့် ၉ ရာခိုင်နှုန်းကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။
ဈေးကွက်လေ့လာသူတွေကတော့ ကမ္ဘာ့ရွှေဈေး ပြန်လည်မြင့်တက်လာရတာဟာ အမေရိကန်စီးပွားရေး အချက်အလက်တွေနဲ့ အတိုးနှုန်းမူဝါဒအပေါ် စျေးကွက်မျှော်မှန်းချက်တွေ ပြောင်းလဲလာတာအပြင် ကမ္ဘာ့စီးပွားရေး မသေချာမှုနဲ့ ပထဝီနိုင်ငံရေးတင်းမာမှုတွေကြောင့် ရွှေအပေါ် ဝယ်လိုအား မြင့်တက်လာတာတွေက အဓိကအကြောင်းရင်းတွေထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။
ပြည်တွင်းရွှေဈေးဟာလည်း အရင်က ကျပ်သိန်း ၁၀၀ အောက်အထိ အချိန်အတန်ကြာ ကျဆင်းခဲ့ပေမဲ့ ကမ္ဘာ့ရွှေဈေး ပြန်လည်မြင့်တက်လာမှုနဲ့အတူ လက်ရှိမှာ ကျပ် ၁၀၁ သိန်းဝန်းကျင်အထိ ပြန်လည်မြင့်တက်လာပါတယ်။
ဩဂုတ် ၁၁ ရက်မှာ ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၄,၄၃၀ ကျော်အထိ ရောက်ရှိခဲ့ချိန်မှာ ပြည်တွင်းရွှေဈေးလည်း ကျပ် ၁၀၂ သိန်းအထိ တက်လာခဲ့ပါတယ်။
ဒီနှစ်အတွင်း ပြည်တွင်းရွှေဈေး စံချိန်တင်မြင့်တက်မှုတွေအနေနဲ့ ဇန်နဝါရီလအတွင်း ကျပ် ၁၁၈ သိန်းကျော်၊ မတ်လအတွင်း ကျပ် ၁၁၃ သိန်းနဲ့ ဧပြီလအတွင်း ကျပ် ၁၁၀ သိန်းကျော်အထိ စံချိန်သစ်တွေ အသီးသီး ဖြစ်ပေါ်ခဲ့ဖူးပါတယ်။











