
မကွေးတိုင်း ချောက်မြို့မှာ ဇွန် ၂ ရက် မနက်က စျေးလာဝယ်တဲ့ စစ်ကောင်စီ တပ်ကြပ်ကြီး တယောက်ကို ပစ်သတ်ခဲ့ပြီး ငွေကြေး၊ လက်ကိုင်ဖုန်းနဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့ CGF က သိရပါတယ်။
ချောက်မြို့ အမှတ် ၁၁ ဗဟိုကွက်သစ် ကျောင်းနားမှာ မနေ့ မနက် ၉ နာရီခွဲလောက် စျေးအဝယ်တော် တ/၄၅၇၅၁၈ တပ်ကြပ်ကြီး အောင်သူတင့်ကို ဒေသ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရှောင်တခင်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
CGF ရဲ့တာဝန်ခံ ဗိုလ်ဘကွန်းက “ကပစ (၂၁) ကနေ ဆိပ်ဖြူနဲ့ချောက်မြို့တွေကို စျေးဝယ်လာတဲ့ ကားကို တိုက်ခိုက်ဖို့ စုံစမ်းနေတာ ကြာပါပြီ။ အဲဒီကားကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားပေမယ့် ကားပေါ်မှာ ပြည်သူတွေပါလာလို့ စစ်ဆင်ရေးကို ဖျက်သိမ်းခဲ့ရတယ်” လို့ ပြောပါတယ်။
ဆိပ်ဖြူမြို့နေ အဲဒီတပ်ကြပ်ကြီးဆီကနေ ငွေကျပ် သိန်း ၄၀ ကျော်၊ လက်ကိုင်ဖုန်းတလုံး၊ ဗိုလ်ကြီး ရန်နိုင်ရဲ့ ဘဏ်စာအုပ်တွေ၊ ချက်လက်မှတ်တစောင်၊ ATM ကတ်တွေနဲ့ ထိပ်တမ်းလျှို့ဝှက်စာရွက် စာတမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတပ်ကြပ်ကြီးဟာ ကပစ ၂၁ အတွက် ရိက္ခာတွေ ဝယ်ပေးရသလို နေပြည်တော်ကိုလည်း လျှို့ဝှက်စာရွက်စာတမ်းတွေ ပေးပို့တဲ့တာဝန် ထမ်းဆောင်နေသူ တယောက်ဖြစ်တယ်လို့ ဆိုပါတယ်။










