DVB Logo
Home
မြန်မာသတင်း
NUG ဝန်ကြီး ဦးအောင်မျိုးမင်း ဆစ်ဒနီ လူ့အခွင့်အရေးဆိုင်ရာ ရွှေတံဆိပ်ဆု ရရှိ
DVB
·
June 2, 2023
NUG ဝန်ကြီး ဦးအောင်မျိုးမင်း ဆစ်ဒနီ လူ့အခွင့်အရေးဆိုင်ရာ ရွှေတံဆိပ်ဆု ရရှိ
1 / 4
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကို သြစတြေးလျနိုင်ငံ ဆစ်ဒနီ ငြိမ်းချမ်းရေးဖောင်ဒေးရှင်း - The Sydney Peace Foundation က လူ့အခွင့်အရေးဆိုင်ရာ စွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေအတွက်  ရွှေတံဆိပ်ဆု (Gold Medal for Human Rights - 2023) ချီးမြှင့်လိုက်ပါတယ်။

ဆစ်ဒနီ ငြိမ်းချမ်းရေးဖောင်ဒေးရှင်း ဦးဆောင်သူအဖွဲ့ဝင်တယောက်ဖြစ်ပြီး ဆစ်ဒနီတက္ကသိုလ်ရဲ့ အာရှ-ပစိဖိတ်ရေးရာကျွမ်းကျင်သူ ဆူစန်ဘန်ကီက “မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိ‌ရေး ကြိုးပမ်းလှုပ်ရှားသူ မျိုးဆက်တွေကို အားပေးလှုံ့ဆော်နိုင်ခဲ့တဲ့ ဦးအောင်မျိုးမင်းကို အခုလို ဆစ်ဒနီ ငြိမ်းချမ်းရေးဖောင်ဒေးရှင်းရဲ့ လူ့အခွင့်အရေး ရွှေတံဆိပ်ဆုနဲ့ ပေးအပ်ဂုဏ်ပြုခွင့်ရတာကို ဂုဏ်ယူမိပါတယ်။ အကန့်အသတ် အခက်အခဲတွေကြားက ဦးအောင်မျိုးမင်းရဲ့  လူ့အခွင့်အရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုတွေဟာ  မျှော်လင့်ချက်၊ သတ္တိနဲ့ တရားမျှတမှု တန်ဖိုးတွေ အခက်ခဲဆုံး အခြေအနေတွေကြားထဲကနေ ပေါ်ထွက်လာနိုင်တဲ့ စံနမူနာတခုပါ” လို့ ပြောပါတယ်။

ဒီဆုကိုတော့ ဆစ်ဒနီငြိမ်းချမ်းရေးဖောင်ဒေးရှင်း ယာယီဌာနမှူး ပရော်ဖက်ဆာ ရော့ဒနီ စမစ်က ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့တာဖြစ်ပြီး သြစတြေးလျနိုင်ငံကို ခေတ္တခဏ ရောက်ရှိနေတဲ့  ဝန်ကြီး ဦးအောင်မျိုးမင်းက တက်ရောက် ဆုလက်ခံရယူခဲ့ပါတယ်။

အခမ်းအနားမှာတော့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက “Is Peace & Democracy Possible in Myanmar?” အကြောင်းအရာကို ပြောကြားပြီး ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်ကြသူတွေရဲ့ မေးခွန်းတွေ မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

ဦးအောင်မျိုးမင်းဟာ ၈၈၈၈ အရေးအခင်းကာလကတည်းက ထိုင်းနိုင်ငံကို တိမ်းရှောင်သွားခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာတော့ မြန်မာပြည် လူ့အခွင့်အရေးဆိုင်ရာ ပညာရေး အင်စတီကျု (HREIB) ကို တည်ထောင်ခဲ့ပြီးနောက်ပိုင်းမှာတော့ အဆိုပါ အဖွဲ့အစည်းကို ညီမျှခြင်းမြန်မာ (EQMM) အမည် ပြောင်းလဲခဲ့ပြီး အမှုဆောင်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရအဖွဲ့မှာ လူ့အခွင့်အရေးမှတ်တမ်းဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၀၇ ခုနှစ်မှာ စတင်တဲ့ ညီမျှခြင်းမြန်မာ (EQMM) ရဲ့ Colors Rainbow ပရောဂျက် တည်ထောင်သူ ဖြစ်သလို မြန်မာ LGBT အခွင့်အရေးကွန်ရက်ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာတော့ မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီးတဲ့နောက် လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကာ ၂၀၂၁ ခုနှစ် မေ ၃ ရက်မှာတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံထားရသူ ဖြစ်ပါတယ်။

ဦးအောင်မျိုးမင်းဟာ ပြီးခဲ့တဲ့ မေ ၈ ရက်ကနေ ၃၁ ရက်အထိ သွားခဲ့တဲ့ ခရီးစဉ်အတွင်းမှာ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး၊ ဩစတြေးလျနိုင်ငံဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေတွေနဲ့ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းရေး ခြေလှမ်း‌တွေအကြောင်းနဲ့ ပတ်သက်ပြီးလည်း ဟောပြောပို့ချသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013