DVB Logo
Home
Lead Story
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ဖျက်သိမ်း၊ လွတ်လပ်သည့် ကော်မရှင်ဖွဲ့ရန်ပြင်ဆင်
DVB
·
August 22, 2026
Photo: NUG
Photo: NUG
Donate to DVB

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့က ဩဂုတ် ၂၁  ရက်မှာ အသီးသီး ထုတ်ပြန်ကြေညာပါတယ်။

NUG အနေနဲ့ အစိုးရလုပ်ငန်းတွေဖော်ဆောင်ရာမှာ အချိန်ကာလ၊ အခြေအနေနဲ့ ကိုက်ညီတဲ့ စဉ်ဆက်မပြတ်ပိုမိုထိရောက်အားကောင်းစေမဲ့ နည်းလမ်းတွေ ရှာဖွေတာ၊ ပြန်လည်သုံးသပ်တာတွေ ပြုလုပ်နေရာမှာ အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေကို ပိုမိုအားကောင်းစေမဲ့ လွတ်လပ်တဲ့ လူ့အခွင့်အရေး ယန္တရားတွေကို တည်ဆောက်နိုင်ဖို့ အစပြုတဲ့ ခြေလှမ်းတရပ်အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ဖျက်သိမ်းပေးနိုင်ဖို့  ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီသို့ တင်ပြအစီရင်ခံခဲ့ပြီးနောက် ဖျက်သိမ်းလိုက်တာလို့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဟာ ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းကို ပြုစုခဲ့ပြီး CRPH အနေနဲ့ စိစစ်၊ သုံးသပ်၊ ဆွေးနွေးကာ ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းပြီးပါက ဥပဒေနဲ့ အညီ လွတ်လပ်သော လူ့အခွင့်အရေး ကော်မရှင်တရပ် ပေါ်ပေါက်လာမယ်လို့ ဆိုပါတယ်။

NUG အစိုးရဟာ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကို  ၂၀၂၁ ခုနှစ်၊ မေ ၃  ရက်မှာ ထည့်သွင်းဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနပါဝင်တဲ့ အစိုးရအဖွဲ့တရပ်အနေနဲ့ သမိုင်း မှတ်ကျောက်တင်နိုင်ခဲ့ကာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မှတ်တမ်းတင်တာ၊ လူ့အခွင့်အရေး အသိပညာ မြှင့်တင်တာ စတဲ့ တာဝန်ဝတ္တရားတွေကို ကျေပွန်ပြီးစီးခဲ့ပြီး နောက်တဆင့် ခြေလှမ်းအတွက်ပါ အခြေခံကောင်းတွေ ပြင်ဆင်ခဲ့ပြီးဖြစ်တယ်လို့ မှတ်တမ်းတင်ကြောင်း NUG အစိုးရက ထုတ်ပြန်ပါတယ်။ 

ဝန်ကြီးဌာနစတင် တည်ထောင်ချိန်ကစပြီး အခုအချိန်အထိ နွေဦးတော်လှန်ရေးရဲ့ လူ့အခွင့်အရေး စာမျက်နှာမှာ ဦးဆောင်အခန်းကဏ္ဍတရပ်မှ ပါဝင်ခဲ့ပြီး အခြေအနေနဲ့ အချိန်အခါ အရ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ် လိုက်ပါဆောင်ရွက်ခဲ့ကြတဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးတွေ၊ အကြံပေးအဖွဲ့ဝင်တွေ၊ ဝန်ကြီးဌာနမှ ဝန်ထမ်းတွေနဲ့  မိတ်ဖက် အရပ်ဘက်အဖွဲ့အစည်းတွေ အပါအဝင် ပြည်သူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုတယ်လို့လည်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းကို လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ အတည်ပြုပြဋ္ဌာန်းပြီး လွတ်လပ်သော ကော်မရှင်တရပ်အဖြစ်ဖွဲ့စည်းကာ လူ့အခွင့်အရေး ဆိုင်ရာလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကိုဖျက်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကလည်း  ဩဂုတ် ၂၁ ရက်မှာ ကြေညာပါတယ်။

ဝန်ကြီးဌာနအနေနဲ့လည်း လူ့အခွင့်အရေးချိုးဖောက်မှု ကြုံတွေ့ခဲ့ကြသူတွေ၊ မျက်မြင်သက်သေတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ မြန်မာပြည်သူပြည်သားတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ဦးညွှတ်ဂုဏ်ပြုတယ်လို့လည်း  ပြည်သူလူထုထံ ပေးပို့တဲ့  ကျေးဇူးတင်လွှာမှာဖော်ပြပါတယ်။

မြန်မာပြည်သူတွေ အန္တရာယ်မျိုးစုံအကြားမှ သတင်းပို့ပေးမှုတွေကြောင့်သာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်တွေကို မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ ဒီလို မှတ်တမ်းတင်နိုင်ခြင်းကြောင့်သာ အနာဂတ်မှာ တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် အခြေခံကောင်းတွေကို တည်ဆောက်နိုင်ခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက “ကျနော်လူ့အခွင့်အရေးနဲ့ တော်လှန်ရေးခရီးကြမ်းကို  ဖြတ်သန်း ကျင်လည်မှုဟာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ ဒါပေမဲ့ ဒီ ၅ နှစ်တာအတွင်းမှာ တနိုင်ငံလုံး ခံစားနေရတဲ့ ဒုက္ခဟာ ကျနော်မြင်ဖူးသမျှထဲမှာ အဆိုးဝါးဆုံးပါပဲ။ အကြမ်းဖက်စစ်အုပ်စုနဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ ပြတ်ပြတ်သားသားတခုပဲ ပြောချင်ပါတယ်။ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် 'ပြစ်ဒဏ်က ကင်းလွတ်ခွင့်' (Impunity) ဆိုတာ ဒီကမ္ဘာပေါ်မှာ ဘယ်တော့မှ မရှိစေရဘူး”လို့ နွေဦးတော်လှန်ရေး (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ သူ့ရဲ့ လူမှုကွန်ကနေ  သတင်းစကားပါးထားပါတယ်။  

အခု အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဖြစ်နေတဲ့ ဖြစ်စဉ်တွေဟာ အကြမ်းဖက်စစ်အုပ်စုတခုလုံးနဲ့ သူတို့ရဲ့ စနစ်ကြီး တခုလုံးကို တရားစီရင်ဖို့အတွက် အစပျိုးလိုက်တဲ့ သက်သေတခုပဲ။ နှစ်တွေ ဘယ်လောက်ပဲ ကြာပါစေ၊ လမ်းခရီးက ဘယ်လောက်ပဲခက်ခဲပါစေ နောက်မဆုတ်ဘဲ ကျူးလွန်သူတွေကို အမှန်တရားနဲ့  နိုင်ငံတကာဥပဒေတွေရှေ့မှာ ဒူးထောက်စေရမယ်။ ကျူးလွန်ခဲ့သမျှ အားလုံးအတွက် တာဝန်ခံရစေရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ကတိပြုပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013