DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်က မုန်တိုင်းသင့် စစ်ရှောင်စခန်းများတွင် နိုင်ငံတကာနှင့် အရ‌ပ်ဘက်အဖွဲ့များ၏ အကူအညီ မရရှိသေး
DVB
·
June 2, 2023
ရခိုင်ပြည်နယ်က မုန်တိုင်းသင့် စစ်ရှောင်စခန်းများတွင် နိုင်ငံတကာနှင့် အရ‌ပ်ဘက်အဖွဲ့များ၏ အကူအညီ မရရှိသေး
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှာ မေ ၁၄ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်မှာရှိတဲ့ ပြည်သူ ၁ သန်းကျော် သဘာဝဘေးဒုက္ခ ထိခိုက်ခံစားခဲ့ရပါတယ်။

စစ်တွေအပါအဝင် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့ မြို့နယ်တွေမှာ ပျက်စီးဆုံးရှုံးမှုတွေ ကြုံခဲ့ရသလို ဘူးသီးတောင်၊ မောင်တောဘက်က စစ်ရှောင်စခန်းတွေနဲ့ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဘူးသီးတောင်၊ မောင်တောက ရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ လက်ရှိအချိန်ထိ နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေ မရရှိသေးဘဲ စစ်ကောင်စီဘက်ကလည်း ထိရောက်တဲ့ထောက်ပံ့မှု မရှိသေးဘူးလို့ ဘူးသီးတောင်မြို့နယ် မြတောင်စစ်ရှောင်စခန်းမှာ နေထိုင်သူတယောက်က ပြောပါတယ်။

“ပျက်စီးသွားတာ ကယ်ဆယ်ရေးစခန်းတွေ ပျက်စီးသွားတာ ရှိတယ်။ စစ်ဘေးရှောင်တွေလေ။ အိမ်တွေပျက်စီးသွားတယ်။ နယ်ဘက်တွေမှာ အိမ်တွေပျက်စီးသွားတာ ရွာလုံးကျွတ် ပျက်စီးသွားတော့ လေးငါးအိမ်လောက်ပဲ ကျန်တယ်။ အဲ့ဒီဘက်တွေလည်း မရောက်ဘူး ကြားတယ်။ နေထိုင်ရေးကတော့ ကိုယ့်ဟာကိုယ်လုပ်ပြီးတော့ နေရတာပေါ့။ တချို့ဆီမှာ ပိုက်ဆံမရှိဘူးဆို ရှိတဲ့ဟာ ပေါင်ချရောင်းချပြီး နေနေရတယ်။ တချို့တွေဆို မလုပ်ရသူတွေလည်း ရှိတယ်။ ဒီတိုင်းပဲ နေနေရတယ်။”

“ဘူးသီးတောင်နယ်ဘက်ဆို စစ်မြေပြင်ဖြစ်နေလို့ မလာဘူး၊ အဲ့လိုတော့ ကြားတာပဲ။ အလှူရှင်တွေလာတယ် ဆိုရင်လည်း သူတို့လက်အောက်မှာ ပေးပြီး သူတို့ကိုယ်တိုင်လှူမှ အလှူရှင်ကိုယ်တိုင် ကြားထဲကနေ တိုက်ရိုက် လုံခြုံရေးအရ ဆင်းပြီး လှူခွင့်မပေးဘူးလို့ ပြောတယ်။ သူတို့မလာရင်လည်း ဘယ်လိုမှ မတတ်နိုင်တာ။ ကိုယ်မှ လုပ်လို့မရတာ။ ရသေ့တောင်နယ်မှာဆိုလည်း တယောက်တိုင်း မာမီးတထုပ်ရယ်၊ ဆီတကျပ်သား ရတယ် ပြောတယ်။”

မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်မှာ ကုန်ဈေးနှုန်းလည်း ထိုးတက်သွားပြီး လက်ရှိ ဆန်တအိတ်ကို ၁ သိန်း ၂ သောင်း ပေါက်ဈေးရှိကာ ကြက်ဥ ၁,၀၀၀ ဖိုး ၃ လုံးအထိ ဈေးတက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရာမှာ သွပ်ပြားနဲ့ သံဖြူဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေပြီး ပိုက်ဆံမတတ်နိုင်သူတွေက ဖြစ်သလို တာလပတ်အုပ်ပြီး နေထိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တွေမြို့အနီးက ရွာတွေနဲ့ယှဉ်ရင် ဘူးသီးတောင်၊ မောင်တောဘက်က ထိခိုက်မှု နည်းပေမဲ့ မောင်တောမြို့နယ်ရှိ အင်းဒင်ရွာနဲ့ ကျောက်ပန်းတူ နှစ်ရွာကတော့ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ပါတယ်။

လက်ရှိအချိန်ထိ အဲဒီရွာတွေမှာ ကူညီထောက်ပံ့မှုတွေ မရှိသေးတာကြောင့် စားဝတ်နေရေး အခက်တွေ့ရသလို နောက်ထပ် မုန်တိုင်းထပ်ဝင်ရင်လည်း နာလန်ထူစရာ မရှိဘူးလို့ မောင်တောမြို့နယ် ကူညီကယ်ဆယ်ရေးအဖွဲ့မှာ ပါဝင်သူတယောက်က ပြောပါတယ်။

“အခုထက်ထိလည်း ထူးထူးခြားခြား ဘာမှ ပြောင်းလဲသွားတာမရှိဘူး။ ဖြစ်တာလည်း တော်တော်ကြာပြီလေ။ စစ်တွေတမြို့ကိုပဲ အားသွန်ခွန်စိုက်လုပ်နေကြတာ။ စစ်တွေမြို့က ကျနော်တို့ထင်တာတော့ အစိုးရရုံးစိုက်ရာ မြို့မို့လို့နေမှာပေါ့။ နောက်ထပ် မုန်တိုင်းတလုံး ထပ်လာဦးမှာလေ။ အကယ်လို့သာ ထပ်ပြီးတော့ မောင်တောတို့၊ စစ်တွေတို့၊ ရသေ့တောင်တို့ အခုတောင် နာလန်မထူနိုင်ဘူးပေါ့။ အဲ့လိုဖြစ်နေကြတာ။ အနေအထားကတော့ ကုန်းကောက်စရာမရှိအောင် ဘာမှမရှိတော့ဘူး။ သူတို့ အိမ်တွေဆုံးရှုံးတယ်။ ပစ္စည်းပစ္စယတွေ ဆုံးရှုံးတယ်။ ဇီးရိုးကနေ အနုတ်ဖြစ်သွားမယ်။ သူတို့ဘဝမှ မဟုတ်ဘူး။ ကျနော်တို့လည်း အများကြီးဆုံးရှုံးတယ်။ ထိထိရောက်ရောက် မလုပ်နိုင်ဘူးလေ။ လက်ဆုပ်လက်ကိုင် ဘာမှ ပြစရာမရှိဘူး။ ကိုယ်ထူကိုယ်ထပဲ။ ပျက်သွားတဲ့အိမ် ကိုယ့်ဟာကိုယ်လုပ်၊ ပိုက်ဆံမရှိရင် တာလပတ်မိုးပြီးနေ၊ ဒါပေမဲ့ ကိုယ့်ဟာကိုယ်ပဲ အားကိုးရတယ်။ သူတို့လုပ်နေတာ တွေ့တာလောက်ကတော့ အပင်တွေဘာတွေ ရှင်းတယ်။ public နေရာတွေမှာ အပင်ရှင်းတယ်။”

စစ်ကောင်စီအနေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေကို ကန့်သတ် ပိတ်ပင်ခြင်း မလုပ်ဖို့နဲ့ နိုင်ငံတကာ အထောက်အပံ့ အကူအညီတွေကို နှောင့်နှေးကြန့်ကြာမှု မရှိစေဖို့ ရခိုင် အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

မိုခါမုန်တိုင်းသင့် မြန်မာပြည်သူတွေအတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေ သွားလာခွင့်အတွက် စစ်ကောင်စီဆီကနေ အတည်ပြုချက် စောင့်ဆိုင်းနေဆဲဖြစ်ပြီး ပြည်သူတွေကို ကူညီခွင့်ရဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

မိုခါ မုန်တိုင်းသင့်ဒေသတွေအတွက် လက်ရှိအချိန်ထိ မုန်တိုင်းဘေးသင့်လူဦးရေ ၆၃,၀၀၀ ကျော်အတွက်သာ အမိုးအကာနဲ့ တခြားလူမှုကယ်ဆယ်ရေးပစ္စည်းတွေ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ UNOCHA မြန်မာက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013