DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်မီး မလာသဖြင့် စစ်တွေဆေးရုံကြီး၌ ခွဲစိတ် ဓာတ်မှန်ရိုက်ခြင်းများ မလုပ်နိုင်ဘဲ လူနာများ အခက်တွေ့
DVB
·
June 2, 2023
လျှပ်စစ်မီး မလာသဖြင့် စစ်တွေဆေးရုံကြီး၌ ခွဲစိတ် ဓာတ်မှန်ရိုက်ခြင်းများ မလုပ်နိုင်ဘဲ လူနာများ အခက်တွေ့
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး ခုတင် ၅၀၀ ဆေးရုံကြီးမှာ ခွဲစိတ်ကုတာနဲ့ ဓာတ်မှန်ရိုက်တာတွေ မပြုလုပ်နိုင်ဘဲ ဆင်းရဲသားပြည်သူ လူနာတွေ အခက်တွေ့နေပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ပိုးရီပြင်ကျေးရွာက လူနာတဦး အစာအိမ်ကြောင့် ဗိုက်အောင့်ပြီး စစ်တွေဆေးရုံကို လာရောက်ကုသရာမှာ ခွဲစိတ်ကုသရမှာဖြစ်ပေမဲ့ ပြည်နယ်ဆေးရုံကြီးက လျှပ်စစ်မီးမရတာကို အကြောင်းပြပြီး ခွဲစိတ်ကုသတာ မလုပ်နိုင်တဲ့အတွက် ပုဂ္ဂလိက‎ဆေးရုံတခုဖြစ်တဲ့ အေးငြိမ်းဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း ပြောပါတယ်။

“ကျနော့်အစ်ကိုက ပုဏ္ဏားကျွန်းမြို့နယ် ပိုးရီပြင်ကျေးရွာကပါ။ ဗိုက်အောင့်လာတော့ စစ်တွေက ရွှေရောင်မေတ္တာ ပရဟိတနဲ့ ချိတ်ဆက်ပြီး စစ်တွေဆေးရုံကို ရောက်လာခဲ့တယ်။ ဆရာဝန်တွေ စမ်းသပ်ကြည့်တော့ ဗိုက်ခွဲရမယ်လို့ ပြောတယ်။ လျှပ်စစ်မီးမရတော့ စစ်တွေဆေးရုံမှာ ခွဲစိတ်ဖို့ အဆင်မပြေဘူး။ ပုဂ္ဂလိက‎ဆေးရုံတခုကို သွားပါလို့ ပြောပါတယ်။ ငွေကြေးမတတ်နိုင်ပေမဲ့ ကြိုးစားပြီး အေးငြိမ်း ပုဂ္ဂလိက‎ဆေးရုံမှာ ခွဲစိတ်ကုသလိုက်တယ်။ အားလုံ းအဆင်ပြေသွားခဲ့ပါတယ်။”

အခုလို ပြည်နယ်ဆေးရုံကြီးတခုဖြစ်ပြီး ပုဂ္ဂလိက‎ဆေးရုံတွေလို မီးစက်ကြီးတွေ ရှိနေပေမဲ့ အရေးပေါ်ဝန်ဆောင်မှု မပေးနိုင်တာဟာ ပြည်နယ်စစ်ကောင်စီရဲ့ တာဝန်သာ ဖြစ်တယ်လို့ စစ်တွေ မြို့မိမြို့ဖတဦးက ဆိုပါတယ်။

“ပြောရမယ်ဆိုရင် ပြည်နယ်အစိုးရကိုပဲ ပြောချင်တယ်ဗျ။ ဒီ ပြည်နယ်ဆေးရုံ စစ်တွေ ခုတင် ၅၀၀ ဆေးရုံကြီးက ပြည်ထောင်စုအဆင့်က လုပ်မပေးပေမဲ့ ပြည်နယ်အဆင့်က ဆောင်ရွက်ပေးလို့ရတဲ့ အနေအထားတခုလို့ သုံးသပ်ပါတယ်။ ကျန်းမာရေးအပိုင်းဆိုတာက တကယ်ကို လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှု မဖြစ်မနေ ရှိရမယ့်ကိစ္စတခု ဖြစ်နေတော့ အစိုးရက အလေးအနက်ထားပြီး ဆောင်ရွက်ပေးဖို့လိုတယ်။ အခုက မီးစက်မရှိဘူး၊ မီးမရှိဘူး၊ အရေးပေါ်ဓာတ်မှန်ရိုက်မယ့်ဟာတွေ၊ ရောဂါရှာဖွေရမယ့် ကိစ္စတွေက တကယ်ကို လိုအပ်တဲ့အနေအထားမှာ ရှိနေပါလျက်နဲ့ ပြည်နယ်အစိုးရရဲ့ အလေးနက်ထား ဆောင်ရွက်မှု မရှိဘူးလေ။ ရှင်းရှင်းပြောရရင် အဓိကကတော့ လျစ်လျူရှုထားမှုပေါ့ဗျာ။ လေဘေးအတွက် အဓိကဆောင်ရွက်ပေးရမှာက ကျန်းမာရေး။ နောက်တခုက ပညာရေးပါလို့ သုံးသပ်ချင်တယ်။ ကလေးတွေကို ကျောင်းကို ခေါ်တယ်။ ကျောင်းတွေမှာ အမိုးမရှိဘူး၊ အကာမရှိဘူး။ ကလေးတွေမှာ အလေး အပေါ့ သွားမယ့်နေရာတောင် မရှိဘူး။ ဒါတွေက ပြည်နယ်အစိုးရရဲ့ တာဝန်တွေပဲလို့ ပြောချင်ပါတယ်။”

လက်ရှိ စစ်တွေပြည်သူ့ဆေးရုံကြီးမှာ လူနာတွေကို အပြည့်အဝ ဝန်ဆောင်မှုမပေးနိုင်တာကြောင့် ဆေးကုသမှု ခံယူနေကြရတဲ့ လူနာတွေမှာ စစ်တွေမြို့ရှိ ပုဂ္ဂလိကဆေးရုံတွေဖြစ်ကြတဲ့ “အေးငြိမ်း”၊ “ဇီဝက”၊ “ထွန်း” စတဲ့ ဆေးရုံတွေမှာ ငွေကုန်ကြေးကျများစွာနဲ့ ဆေးကုသမှု ခံယူနေရပါတယ်။

ပြည်နယ်ကောင်စီက ပေးဝေထားတဲ့ ညနေ ၇ နာရီမှ ည ၁၀ နာရီအထိ စစ်တွေမြို့ လမ်းမကြီးတလျှောက် ပေးနေတဲ့ လျှပ်စစ်မီးကို အားထားနေကြရပြီး လျှပ်စစ်မီးမရှိတဲ့အချိန် ညတွေမှာ ဆေးထိုးအပ်သွင်းဖို့ လူနာတွေရဲ့ ဖုန်းမီးတွေနဲ့ ဆောင်ရွက်နေကြရတာပါ။

ဓာတ်မှန်ရိုက်ခံရမယ့် မရှိဆင်းရဲသား ပြည်သူတွေမှာ ဓာတ်မှန်ရိုက်ခွင့်တောင် မရရှိဘဲ လူ့အခွင့်အရေး ဆုံးရှုံးနေပြီး ပုဂ္ဂလိကဆေးရုံတွေကိုသာ အားထားနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013