
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်ရှိ လမ်းမဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်မိသားစုတစု ဇွန် ၁ ရက်က မနက်စာ မှိုဟင်း စားသုံးမိရာက အစာအဆိပ်သင့်ပြီး ၃ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးသွားခဲ့တယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတွေထံက သိရပါတယ်။
“မှိုဟင်းချက်စားမိပြီး မိသားစု ၅ ဦးစလုံး အစာအဆိပ်သင့်ကြတာ။ သတိမေ့သူကမေ့၊ ဝမ်းသွားသူက သွားပေါ့။ မိသားစုတစုလုံးကို အရေးပေါ် ဆေးရုံပို့လိုက်တာ ညနေ ၅ နာရီမှ အသက် ၃ နှစ်အရွယ် ကလေးတဦး ဆုံးသွားခဲ့ရတယ်။”
အဆိပ်အတောက်ရှိတဲ့ မှိုချက်စားမိရာက အစာအဆိပ်သင့်ခံရတဲ့ မိသားစုဟာ အိမ်ထောင်ဦးစီး ဦးအေးထွန်းချေ (၃၉ နှစ်)၊ ဇနီး ဒေါ်ခင်မေသန်း (၂၈ နှစ်)၊ သားတွေဖြစ်တဲ့ မောင်ထွန်းထွန်းဦး (၅ နှစ်) နဲ့ မောင်စစ်နိုင် (၃ နှစ်)၊ သမီးဖြစ်သူ မသဇင်ဖြူ (၂ နှစ်) တို့ဖြစ်ကြပြီး ၃ နှစ်အရွယ် မောင်စစ်နိုင်မှာ အစာအဆိပ်သင့်မှု ပြင်းထန်တဲ့အတွက် ဆေးကုသမှုခံယူရင်း သေဆုံးခဲ့တာလို့ မျက်မြင် မိသားစုဝင်တွေထံက သိရပါတယ်။
စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတဦးက “မှိုက အပြင်ကယူလာပြီး ချက်စားကြတာ။ ဘာမှိုအမျိုးအစားလဲ ကျနော်တို့လည်း မသိဘူး။ စစ်ဘေးရှောင်စခန်းမှာတော့ ဒီလို မှိုပေါက်ရောက်တာ မရှိဘူး” လို့ ပြောပါတယ်။
ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်း ၄ ခုကို လူကယ်ပြန်က လူတစ်ဦးအတွက် တနေ့ ဆန်နို့ဆီဘူး ၂ ဘူးကျစီ ထောက်ပံ့မှုနဲ့ INGO၊ NGO အဖွဲ့တွေရဲ့ ရိက္ခာထောက်ပံ့မှုတွေ ရရှိခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလကစပြီး ရိက္ခာထောက်ပံ့မှုအားလုံး ဒီနေ့အထိ ရပ်တန့်ထားတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ အစားအစာရှားပါးနေပြီး ရရာအစားအစာတွေ စားသောက်မိရာက အခုလို အစာအဆိပ်သင့်ပြီး သေဆုံးတဲ့အထိ ဖြစ်လာနေတာပါ။










