
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်က လယ်သစ်ကျေးရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ဆက်တိုက်ရမ်းသန်းပစ်ခတ်တာကြောင့် နေအိမ်တွေပေါ် လက်နက်ကြီးကျပြီး ဒေသခံ ၂,၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇွန် ၁ ရက် မနက် ၇ နာရီလောက်က ဆန်းသစ်ကျေးရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီး အချက်ပေါင်း ၁၃ ချက်အထိ ပစ်ခတ်ခဲ့ပြီး လယ်သစ်ရွာထဲကို လက်နက်ကြီးကျရောက်ကာ နေအိမ် ၂ လုံး လက်နက်ထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက “မနေ့က ရွာထဲကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ၁၃ လုံးထုတယ်။ ၈ နာရီလောက်မှ အပစ်ရပ်တယ်။ လယ်သစ်အနောက်ကမ်း ရွာထဲမှာ တလုံးကျတယ်။ အိမ် ၂ ဆောင် ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

လက်နက်ကြီးကျရောက်တာကြောင့် လယ်သစ်ကျေးရွာက ဒေသခံ ၁ ဦးရဲ့ လက်မောင်းမှာ ကျည်စထိမှန်ခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူးလို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲမဖြစ်ခဲ့ဘဲ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာဖြစ်ပြီး ဒေသခံ ၂,၀၀၀ ကျော် ဘေးလွတ်ရာ တောတောင်တွေနဲ့ ဥယျာဉ်တချို့တို့မှာ တိမ်းရှောင်နေရတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“လက်နက်ကြီးကတော့ လယ်သစ်ရွာကို ရည်ရွယ်ချက်ရှိရှိ ပစ်တာလို့ ထင်ပါတယ်။ ထွက်ပြေးနေကြတဲ့ လူ ၂,၀၀၀ ကျော်က သူတို့ရင်းနှီးတဲ့ အသိအိမ်တွေမှာ တောထဲ တောင်ထဲ ဥယျာဉ်တွေထဲမှာ လက်ရှိနေနေကြရတယ်။”
စစ်ကောင်စီတပ်က လယ်သစ်ကျေးရွာကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် လယ်သစ် ဒေသခံတွေမှာ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ဆန်းသစ်ကျေးရွာက စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လယ်သစ်ရွာသားတချို့ ထိခိုက်ခဲ့ပြီး အသက် ၁ဝ အရွယ် ကလေး ၁ ဦး ကျည်စထိမှန် သေဆုံးခဲ့ကာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရလို့လည်း သိရပါတယ်။










