လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၇ သန်းလောက်က အသက်ရှင်ခဲ့တဲ့ တိုင်ရန်နိုဆောရပ်စ် ရက်စ် (T.rex) ဒိုင်နိုဆော အရိုးစုတခုကို ဇူလိုင် ၁၄ ရက်က နယူးယောက်မြို့ လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၁ သန်းနဲ့ စံချိန်တင် ရောင်းချနိုင်ခဲ့ပါတယ်။
ဂတ်စ် (Gus) လို့ အမည်ပေးထားတဲ့ ဒီဒိုင်နိုဆော အရိုးစုဟာ အရှည် ၃၈ ပေနဲ့ အမြင့် ၁၂ ပေခွဲ ရှိပါတယ်။
မူလအရိုးရဲ့ ၆၀ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် အပြည့်စုံဆုံး ဒိုင်နိုဆော အရိုးစုတွေထဲက တခု ဖြစ်တယ်လို့ ဆာ့သ်ဘီးစ်လေလံရုံက ပြောပါတယ်။
ဒီအရိုးစုကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က အမေရိကန်နိုင်ငံ တောင်ဒါကိုတာပြည်နယ်မှာ စတင်တွေ့ရှိခဲ့ပြီး တူးဖော်မှုနဲ့ ပြန်လည်ဆက်စပ်မှုတွေကို နှစ်နဲ့ချီ အချိန်ယူ လုပ်ဆောင်ခဲ့ရတာပါ။
ဦးခေါင်းခွံမှာ တွေ့ရတဲ့ ကိုက်ရာတွေနဲ့ ကျိုးနေတဲ့ နံရိုးတွေအရ ဒီဒိုင်နိုဆောဟာ သက်ရှိထင်ရှားရှိစဉ်က တခြားဒိုင်နိုဆောတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရတယ်လို့ သိရပါတယ်။
အခုရောင်းချခဲ့တဲ့ ဈေးနှုန်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၆ သန်းနဲ့ ရောင်းချခဲ့ရတဲ့ အေပက်စ် လို့ခေါ်တဲ့ စတီဂိုဆောရပ်စ် ဒိုင်နိုဆောရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါ။
ဒီလေလံကို အောင်မြင်ခဲ့သူ ဘယ်သူဆိုတာကိုတော့ လတ်တလော ထုတ်ဖော်ကြေညာထားတာ မရှိသေးပါဘူး။
ဒါပေမဲ့ အရင်စံချိန်တင်ခဲ့တဲ့ အေပက်စ် အရိုးစုကို ပြတိုက်မှာ လေးနှစ်ကြာ ပြသခဲ့တဲ့အတွက် အခု ဂတ်စ် အရိုးစုကိုလည်း အများပြည်သူ လေ့လာနိုင်ဖို့ ပြတိုက်တခုခုမှာ ပြသလာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။










