DVB Logo
Home
မြန်မာသတင်း
ခင်ဦးမြို့နယ်တွင် စစ်တပ်က ရွာမီးရှို့သဖြင့် ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေး၊ ဘုတလင်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ
DVB
·
June 1, 2023
ခင်ဦးမြို့နယ်တွင် စစ်တပ်က ရွာမီးရှို့သဖြင့် ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေး၊ ဘုတလင်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရေဦး-ညောင်ပင်သာ ကားလမ်းဘေးက ရွာသစ်ကျေးရွာကို အင်းပတ်ကွေ့မှာ အထိုင်ချထားတဲ့စစ်ကောင်စီတပ်နဲ့ ရွာသစ်ကုန်း ပျူစောထီးတွေက ဇွန် ၁ ရက် မနက် ၅ နာရီခွဲမှာ လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ပြီး ကျေးရွာအတွင်း ဝင်ရောက်မီးရှို့နေတာကြောင့် ပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာသစ်ကျေးရွာ အပါအဝင် ချမ်းသာကုန်းကျေးရွာ၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မူးသာ စတဲ့ ကျေးရွာတွေက ဒေသခံ ၃,၀၀၀ ကျော် အိုးအိမ်စွန့်ခွာပြီး အသက်ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ရွာသစ်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ အကြိမ် ၂၀ ထက်မနည်း ရွာသစ်၊ ချမ်းသာကုန်း၊ မြကန် စတဲ့ရွာတွေကို မကြာခဏ ရိက္ခာလာလုပြီး မီးရှို့ဖျက်ဆီးလေ့ရှိတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာတော့ မြေပြင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ၊ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မေ ၂၉ ရက် မနက်အစောပိုင်း ၅ နာရီခွဲလောက်မှာ ဘုတလင်မြို့ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၄၅ ယောက်ခန့်ပါ စစ်ကြောင်းကို မြောက်တောကြီးရွာ မြောက်ဘက်အနီးမှာ နှစ်ကြိမ် ပဒေသာမိုင်း ၅ လုံးဆွဲ တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်ဘက်က တပ်ဖွဲ့ဝင် ၂ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အောင်ဆန်းမျိုးဆက်တပ်ဖွဲ့မှ ရဲဘော်အတာက ဒီဗွီဘီကို ပြောပါတယ်။

“စကစ+ပျူ အင်အား ၄၅ ယောက်ခန့်နဲ့ စစ်ကြောင်းထိုးလာတာကို မြို့ပေါ် သတင်းရင်းမြစ်ကနေ ရတာဗျ။ အဲ့ဒါနဲ့ မိုင်းဆွဲဖို့ စီစဥ်ခဲ့တာပါ။ သူတို့က လမ်းအတိုင်း လာတာမဟုတ်ဘူးဗျ။ ယာခင်းတွေကို ဖြတ်လာတာဗျ။ ဒေသအခေါ် တောလမ်းပေါ့။ နှစ်ယောက်သေဆုံးတာကတော့ ရဲဘော်တွေ မျက်မြင်ကိုယ်တွေ့ပါ။ ဒဏ်ရာရတဲ့သူကတော့ ၅ ယောက်လောက် ရှိတယ်ဗျ။ နှစ်ကြိမ်ဆွဲတာ နေရာကလည်း အရမ်းကြီးမဝေးဘူး။ မနက် ၅ နာရီ ၃၀ မိနစ်​လောက်မှာဆွဲတာ။ နှစ်ခါဆွဲတဲ့ကြာချိန်ကလည်း ပေါင်း ၁၅ မိနစ်လောက်ပဲ။ ကျနော်တို့တိုက်သမျှ ပွဲတွေက ပြည်သူတွေ အကူအညီနဲ့ပါ။ အဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ရှေ့ဆက် တော်လှန်ရေးပြီးတဲ့အထိ တိုက်ပွဲဝင်သွားမှာပါ။”

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်ဘက်က သေနတ်နဲ့ ရမ်းသန်းပစ်ခတ်ကာ စစ်ကြောင်း ရှေ့ဆက်မသွားတော့ဘဲ ဒဏ်ရာရသူတွေကို သယ်ဆောင်ပြီး နောက်ပြန်ခေါက်သွားကာ ဘုတလင်မြို့နယ်ထဲကို ပြန်ဝင်သွားခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013