DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်နှင့် ပုလဲမြို့နယ်တို့တွင် စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရ၊ မုံရွာရှိ PDF စခန်းတခု စီးနင်း မီးရှို့ဖျက်ဆီးခံရ
DVB
·
June 1, 2023
ယင်းမာပင်နှင့် ပုလဲမြို့နယ်တို့တွင် စစ်ကောင်စီစခန်းများ တိုက်ခိုက်ခံရ၊ မုံရွာရှိ PDF စခန်းတခု စီးနင်း မီးရှို့ဖျက်ဆီးခံရ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ပေါ်နဲ့ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာက စစ်ကောင်စီစခန်းတွေကို ဒေသခံကာကွယ်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

ယင်းမာပင်မြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနဲ့ ခရိုင်စုပေါင်းရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒီနေ့ ဇွန် ၁ ရက် မနက် ၄ နာရီက အနီးကပ် ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ယင်းမာပင် ဗိုလ်သူရိန်အဖွဲ့ ခေါင်းဆောင်က “ပစ်တာကတော့ မနက်ခင်း ၄ နာရီလောက် ကတည်းက စပစ်တာ။ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ ကျနော်တို့ပစ်တာက ယင်းမာပင် ရဲစခန်းရယ်၊ ယင်းမာပင်ခရိုင် စုပေါင်းရုံးရယ်ကို အဓိကထား ပစ်တာဗျ။ ဒီကောင်တွေက လာသမျှစစ်‌ကြောင်းကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းတွေ၊ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေရဲ့ နေအိမ်တွေကို လမ်းညွှန်ဖျက်ဆီးခိုင်းတာတွေ လုပ်တာကြောင့် အခုလို ပစ်ခတ် တိုက်ခိုက်ရတာဗျ။ အသေအပျောက်ကတော့ လောလောဆယ် မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ အထိအခိုက် အကျအဆုံး မရှိသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ လက်ရှိ မနက် ၁၁ နာရီအထိ နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရွာနယ်မြေခံ ရဲကင်းကို မေ ၃၁ ရက် ည ၉ နာရီက ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က အနီးကပ် ဝင်ရောက်ပစ်ခတ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကန်ဒေါင့်ရွာသားတဦးက “ညက တိုက်ပွဲကတော့ အတော်ဆိုးတယ်ဗျ။ ရွာထဲထိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ပစ်တာ။ ကိုယ်တွေတောင် ကြောက်လန့်ပြီး ခုတင်အောက် မိသားစုလိုက် ဝင်ပုန်းနေကြရတာ။ ဘယ်ကောင်တွေသေလို့ ဘယ်ကောင်တွေရှင်သလဲတော့ မသိရဘူး။ ဖြစ်နိုင်ရင်တော့ဗျာ နှစ်ဖက်လုံး အပစ်အခတ်တွေလျှော့ပြီး တွေ့ဆုံညှိနှိုင်းရေးလုပ်တာ သင့်တော်မယ်လို့ ကျနော့်အမြင်ကို ပြောရတာပါ” လို့ ပြောပါတယ်။

အဆိုပါ ကန်ဒေါင့်ရွာ နယ်မြေခံရဲစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အကြိမ်ကြိမ် ဝင်ရောက်ပစ်ခတ်တာကြောင့် စခန်းအတွင်း အခိုင်အမာ ဘန်ကာတွေ၊ မြေလိုင်းကျင်းတွေ တူးကာ ကြိုတင်စီမံထား‌တယ်လို့လည် ဒေသခံ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

“မနေ့ညတိုက်ပွဲကို ကျနော်တို့ဘက်က ရဲဘော် ၁၃ ယောက်နဲ့ ရဲကင်းကို အနီးကပ် ဝင်ပစ်တာဗျ။ ကိုယ့်ဘက်က ရဲဘော်တဦး ပေါင်ကျည်ထိထားတာ ရှိတယ်။ ဟိုဘက်ကတော့ ရဲ(--)တကောင် ကျတယ်လို့ ဒီနေ့မနက် အတွင်းဖရဲသီးဆီကနေ သိထားရတယ်” လို့ ပုလဲ ဗိုလ်ဂဠုန်က ပြောပါတယ်။

အခုတိုက်ပွဲကို ပုလဲဗိုလ်ဂဠုန်အဖွဲ့ တဖွဲ့တည်း ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြေးမုံရွာမှာရှိတဲ့ Area71 ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စခန်းကို ချောင်းဦးမြို့ဘက်ကနေ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က မေ ၃၁ ရက် မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Area 71 တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီလို ဖျက်ဆီးခံခဲ့ရတာကြောင့် ကာလတန်ဖိုး သိန်း ၃၀၀ လောက်ရှိတဲ့ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေ ပျက်စီးခဲ့ရပြီး လမ်းပြအနေနဲ့ ခေါ်ဆောင်လာတဲ့ ရွာသားတဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်ပြီး မီးရှို့ခဲ့တယ်လို့ Area71 အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

အခုလို စခန်းတခုလုံး စီးနင်းတိုက်ခိုက်ခံရပေမဲ့ အချိန်မီ ဆုတ်ခွာနိုင်ခဲ့တာကြောင့် မိမိတို့ဘက်က အကျအဆုံးနဲ့ ဒဏ်ရာရသူ မရှိဘူးလို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းတွေကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ မေလပိုင်းကစလို့ မကြာခဏ စီးနင်းတိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ မေလကုန်ပိုင်းကလည်း အရာတော်မြို့နယ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးစခန်းတခု မီးရှို့ဖျက်ဆီးခံခဲ့ရပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013