DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ကျောင်းပြန်ဖွင့် ယမန်နှစ်ထက် ကျောင်းတက်သူ ပိုများလာ
DVB
·
June 1, 2023
မြစ်ကြီးနားတွင် ကျောင်းပြန်ဖွင့် ယမန်နှစ်ထက် ကျောင်းတက်သူ ပိုများလာ
Donate to DVB

၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် စစ်ကောင်စီလက်အောက်ခံ အခြေခံပညာစာသင်ကျောင်းတွေ ဇွန်လ ၁ ရက် ဒီနေ့မနက် ပြန်ဖွင့်လှစ်ရာမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် ကျောင်းတွေမှာတော့  ကျောင်းတက်တဲ့ ကျောင်းသားတွေ အရင်နှစ်ထက် ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပုံမှန် ကျောင်းဖွင့်ချိန်တွေလောက်တော့ လမ်းယာဥ်ကြော ပိတ်ဆို့နေလောက်တဲ့အထိ မဖြစ်ဘူးလို့ သိရပါတယ်။

မြစ်ကြီးနားမြို့ခံတဦးက “ခါတိုင်း ကျောင်းသွားချိန်တွေ လမ်းကြုံရင် ကျောင်းရှေ့မှာဆို ပိတ်နေတာပဲ။ ကားရပ်ဖို့ ဆိုင်ကယ်နဲ့ တထွာလောက် ရှေ့တိုးဖို့မလွယ်ဘူး။ ခုတော့ ကျောင်းဖွင့်စနေ့မို့လားတော့ မသိဘူး။ မီးပွိုင့်ပျက်နေတာတောင် ကြည့်ရှောင် မောင်းလို့ ရတယ်” လို့ ပြောပါတယ်။

အထူးသဖြင့် မူလတန်းကလေးတွေ ပိုများပြီး ကလေးမိဘတွေက ကျောင်းထဲ ဝင်ခွင့်မရတဲ့ အတွက် ကျောင်းထဲကို ကျောင်းဝင်းနံရံ အုတ်တံတိုင်းအပြင်ကနေ စိတ်မချစွာ စောင့်ကြည့်နေကြတာကို တွေ့ရပါတယ်။ အလယ်တန်း၊ အထက်တန်းဆောင်တွေဘက်တော့ အစောင့်ဆရာ၊ ဆရာမတွေလောက်ပဲ တွေ့ရတာပါ။

ကျောင်းဝင်းထဲ မိဘလိုက်ဝင်ခွင့်ပြုတဲ့ကျောင်း ရှိသလို လိုက်ဝင်ခွင့်မပြုတဲ့ ကျောင်းတွေလည်း ရှိပါတယ်။ တချို့ကျောင်းတွေက ယဥ်ထိန်းရဲတွေ လမ်းရှင်းပေးနေတာရှိပေမဲ့ တချို့ကျောင်းတွေကတော့ ယာဥ်ထိန်းရဲတွေကို မတွေ့ရပါဘူး။ အ.ထ.က ၁ နဲ့ အ.ထ.က ၉ မှာတော့ ယာဥ်ထိန်းရဲအပြင် လက်နက်ကိုင်ဆောင်ထားတဲ့ ရဲတွေပါ စောင့်ကြပ်နေတာ တွေ့ရပါတယ်။

Grade 2 ကျောင်းသားတယောက်ရဲ့ မိခင်က “ကျောင်းဝင်းကကြီး၊ ကလေးက ခုမှ ကျောင်းပြန်စတက်မယ့် အနေအထားမျိုးမှာ မိဘလိုက်ဝင်ခွင့်မပြုတော့ စိတ်မချဘူးလေ။ ကလေးမပြောနဲ့၊ လာကြိုတဲ့အမေတောင် မနှစ်က အပေါက်မှားချပြီး လာကြိုတော့ တပေါက်ဖြစ်ပြီး လန့်လိုက်ရတာ” လို့ ပြောပါတယ်။

ကျောင်းသားဖခင်တဦးကလည်း “ကလေးက ၃ တန်းပါ။ ဒါပေမဲ့ ကလေးတွေ သူ့အခန်းရှာပြီး လည်နေတာတွေ့တော့ စိတ်မချဘူး ဖြစ်နေတယ်။ နိုင်ငံရေးမတည်ငြိမ်ပေမဲ့ အပြင်ကိုယ်ပိုင်ကျောင်းတွေ မထားနိုင်တော့ စိတ်ပူလည်း အစိုးရကျောင်းမှာ ထားရတာပါ။ ကချင်တွေကတော့ သူတို့ဘုရားကျောင်းမှာဖွင့်တဲ့ ကျောင်းတွေမှာ ထားလို့ရတယ်။ ကျနော်တို့လို လူလတ်တန်းစားလောက်တွေက အပြင်ကျောင်းလည်း မထားနိုင်၊ ကလေးတွေကို အွန်လိုင်းက ထားပေးဖို့လည်း မတတ်နိုင်တော့ အစိုးရကျောင်းကိုပဲ ကြိတ်မှိတ်ထားရတာပဲ။ အိမ်မှာလည်း အချိန်ပြည့် ထိန်းကျောင်းနေနိုင်တာ မဟုတ်ဘူးလေ” လို့ ပြောပါတယ်။

အဓိကက ကလေးတွေ စိတ်လေပျက်စီးသွားမှာစိုးလို့ ကျောင်းပြန်ထားရတာတွေရှိသလို ပုံမှန်တက်နေတဲ့ NonCDM ဝန်ထမ်းသားသမီးတွေ ကိုဗစ်ကြောင့် နစ်နာခဲ့ပြီးပြီ။ နိုင်ငံရေးကောင်းတာ မကောင်းတာ ကိုယ်နဲ့မဆိုင်ဘူးလို့ တွေးတဲ့သူတွေလည်း ရှိကြတယ်လို့လည်း ဆိုပါတယ်။

ကျောင်းပြန်တက်တဲ့ ကျောင်းသူ ကျောင်းသားတွေရှိသလို စစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းမတက်ကြတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ အာဏာဖီဆန် CDM ဆရာ ဆရာမတွေလည်း  ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မြစ်ကြီးနားတွင် ကျောင်းပြန်ဖွင့် ယမန်နှစ်ထက် ကျောင်းတက်သူ ပိုများလာ