Home
မြန်မာသတင်း
အိန္ဒိယဟာ မြန်မာနိုင်ငံအပေါ် မှီခိုမှုကို လျှော့ချနိုင်ရန် ဘရာဇီးမှ မတ်ပဲ တင်သွင်းနိုင်ရေး ကြိုးပမ်း
DVB
·
June 1, 2023
Mat Bean

မြန်မာ့မတ်ပဲရဲ့ အဓိကစျေးကွက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ မတ်ပဲ တင်သွင်းမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် မှီခိုမှုကို လျော့ချနိုင်ဖို့အတွက် ဘရာဇီး နိုင်ငံကနေ မတ်ပဲတင်သွင်းနိုင်ရေး ကြိုးပမ်းနေတယ်လို့ အိန္ဒိယအခြေစိုက်ဖြစ်တဲ့ The Economic Times သတင်းစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ပဲကုန်သည်တွေဟာ အိန္ဒိယနိုင်ငံကို ပဲရောင်းချရာမှာ ပုံမှန် မဟုတ်ဘဲ စျေးထိန်းရောင်းချနိုင်ဖို့ သိုလှောင်သိမ်းဆည်းထားတာကြောင့် အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းစျေးကွက်ကို သက်ရောက်မှုရှိနေတယ်ဆိုပြီးတော့ မြန်မာနိုင်ငံအပေါ် မှီခိုမှုကို လျှော့နိုင်ဖို့ အိန္ဒိယနိုင်ငံက အခြားမတ်ပဲ ထွက်ရှိတဲ့ နိုင်ငံတွေကနေ ဝယ်ယူတင်သွင်းဖို့ ကြိုးပမ်းနေတာပါ။

လက်ရှိမှာတော့ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ သူနိုင်ငံအတွင်း ပဲဈေးနှုန်း မြင့်တက်မှုကို ထိန်းသိမ်းနိုင်ဖို့အတွက် ဘရာဇီးနိုင်ငံကနေ မတ်ပဲထုတ်လုပ်တင်သွင်းနိုင်ရေး ဆွေးနွေးနေတယ်လို့ The Economic Times သတင်းစာမှာ ဖော်ပြထားပါတယ်။

ဘရာဇီးနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး ရာသီဥတု အခြေအနေဟာ မတ်ပဲစိုက်ပျိုး ထုတ်လုပ်နိုင်ဖို့ သင့်လျော်မှုရှိတဲ့အတွက် အဲဒီဆွေးနွေးမှုဟာ ရလဒ်ထွက်ချိန်နီးပြီလို့လည်း အဲဒီသတင်းစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။

မြန်မာနိုင်ငံ အနေနဲ့လည်း အိန္ဒိယ‌စျေးကွက်တစ်ခုတည်းကို အဓိကမိုခိုအားထားပြီး မတ်ပဲ၊ ပဲစင်းငုံ တို့ကို ဧကအများအပြား စိုက်ပျိုးနေတာဖြစ်လို့ အိန္ဒိယနိုင်ငံရဲ့ ပဲတင်သွင်းမှု မှုဝါဒ အပြောင်းအလဲတိုင်းမှာလည်း မြန်မာပြည်တွင်း ပဲဈေးကွက်အပေါ် သက်ရောက်မှုတွေ ရှိခဲ့တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

ပဲကုန်သည်တစ်ဦးက “အိန္ဒိယက သူ့တို့ဆီမှာ အထွက်နှုန်းများရင်လည်း မြန်မာပြည်က ပဲကို မဝယ်ဘဲ ကန့်သတ်တာတွေ လုပ်တယ်လေ။ ကျနော်တို့နိုင်ငံကလည်း အိန္ဒိယ လိုအပ်ချက်ရှိတဲ့ ပဲကို အဓိကစိုက်ပျိုးပြီး တင်ပို့နေတာဆိုတော့ သူတို့ဘက်ကလုပ်ရင်လည်း မြန်မာဘက်က စိုက်ပျိုးတောင်သူတွေ၊ ကုန်သည်တွေ ဒုက္ခရောက်တာပါပဲ” လို့ မှတ်ချက်ပြုပြောပါတယ်။

အိန္ဒိယဟာ သူ့နိုင်ငံအတွင်း ပဲအထွက်နှုန်း မြင့်တက်ချိန်မှာတော့ ပြည်တွင်းပဲဈေးနှုန်း ကျဆင်းပြီး စိုက်ပျိုးတောင်သူတွေ ထိခိုက်မှုရှိနိုင်တာကြောင့် ပြည်ပကနေ ပဲတင်သွင်းမှုကို ပမာဏ ကန့်သတ်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်မှာ မြန်မာနိုင်ငံကနေ မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်းတို့ကို အရေအတွက် အကန့်အသတ်နဲ့သာ အိန္ဒိယကို တင်သွင်းစေခဲ့တာကြောင့် မြန်မာပြည်တွင်းမှာ မတ်ပဲ၊ ပဲစင်းငုံ ဈေးနှုန်းတွေ ထုတ်လုပ်မှု စရိတ်အောက်ထိ ရုတ်တရတ်စျေးထိုးကျခဲ့ပြီး စိုက်ပျိုးတောင်သူတွေနဲ့ ကုန်သည်လှောင်လက်တွေ အထိနာခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းတို့ကို အဓိက အများဆုံး စိုက်ပျိုးပြီး အိန္ဒိယကို မတ်ပဲ၊ ပဲစင်းငုံက ၈၅ ရာခိုင်နှုန်းထိ တင်ပို့နေတာဖြစ်ပါတယ်။

အိန္ဒိယအစိုးရက လက်ရှိမှာတော့ ပဲလိုအပ်ချက်များပြားနေတဲ့ အခြေအနေကြောင့် ခွဲတမ်းစနစ်ကို ပယ်ဖျက်ထားပြီး မတ်ပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်း သုံးမျိုးကို အကန့်အသတ်မရှိ လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားပါတယ်။

မတ်ပဲ၊ပဲစဉ်းငုံ လွတ်လပ်စွာတင်သွင်းခွင့်ကာလကို ၂၀၂၄ ခုနှစ် မတ်လကုန်အထိ သတ်မှတ်ထားတာပါ။

မြန်မာ့မတ်ပဲစျေးဟာ ၊ပြည်တွင်းနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ရာသီဥတု၊ ပဲအထွက်နှုန်းအပေါ်မှာ မူတည်နေတယ်လို့ ပဲဈေးကွက် လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အခုနှစ်က ပဲမျိုးစုံအပါအဝင် သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့မှု ကွင်းဆက်တလျှောက် ကုန်ကျစရိတ်တွေ အဆမတန် မြင့်တက်နေတာဖြစ်ပြီး နယ်မြေ မတည်ငြိမ်မှုတွေကြောင့် ပဲစိုက်ဧကတွေလည်း လျော့ကျခဲ့ပါတယ်။

လက်ရှိမှာ အထွက်နှုန်း လျော့ကျမှုနဲ့အတူ လက်ကျန်လျော့နည်းလာတဲ့ မြန်မာ့မတ်ပဲဟာ အမြင့်ဆုံး ဈေးတန်းကို ရောက်ရှိနေပါတယ်။ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ မတ်လ ၃၁ ရက်နေ့ ဈေးကွက်ပေါက်စျေးအရ မတ်ပဲ (FAQ/RC) တစ်တန်ကို ၂,၃၃၅,၀၀၀ ကျပ်ထိ ရောက်ရှိနေပါတယ်။

အိန္ဒိယနိုင်ငံဟာ စားသုံးသူလိုအပ်ချက်နဲ့ ထုတ်လုပ်နိုင်မှု ကွာဟချက်အပေါ်မူတည်ပြီး နှစ်စဉ်တန်ချိန် ၇ သိန်းကနေ၇ သိန်းခွဲခန့်ကို ပြည်ပကနေ ဝယ်ယူတင်သွင်းနေတာဖြစ်ပြီး တင်သွင်းမှုအားလုံးရဲ့ ၇၄ ရာခိုင်နှုန်းခန့်က မြန်မာနိုင်ငံကနေ တင်သွင်းတာဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ ယခုနှစ်မှာ မြန်မာနိုင်ငံကနေ မတ်ပဲတန်ချိန် ၂ သိန်းခန့်ကို တင်သွင်းထားပြီးဖြစ်တယ်လို့ သိရပါတယ် ။ လာမယ့် ဇွန်၊ ဇူလိုင်လတွေက အိန္ဒိယနိုင်ငံရဲ့ မတ်ပဲ ထွက်ရှိတဲ့ ရာသီဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ထက် အထွက်နှုန်းလျော့ကျမယ်လို့ ခန့်မှန်းထားကြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ပြီးခဲ့သည့်နှစ် အဆိုပါမတ်ပဲရာသီမှာ မတ်ပဲထွက်ရှိမှုတန်ချိန် ၂ဒသမ ၇၇ သန်း ရှိခဲ့ပြီး အခုနှစ်မှာ တန်ချိန် ၂.၆၈ သန်း ခန့်သာ ရှိမယ်လို့ အိန္ဒိယနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပဲမျိုးစုံ တင်ပို့မှုအခြေအနေကတော့ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ တန်ချိန် ၁ ဒသမ ၉ သန်း တင်ပို့မှုရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ထက် ပမာဏ လျော့ကျတင်ပို့ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024