ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကော့ပနော့ကျေးရွာနဲ့ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာက ဒုံသမိတံတား စစ်ဆေးရေးဂိတ် ဇွန် ၁ ရက် ဒီနေ့မနက် အစောပိုင်းက KNU၊ PDF တွေရဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်က တပ်ကြပ်ကြီးတဦး သေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့မနက် ခြောက်နာရီကျော်က KNU နဲ့ PDF အဖွဲ့တွေဟာ ဒုံသမိစစ်ဆေးရေးဂိတ်နဲ့ ဒူးရင်းဆိပ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“နှစ်ဖက်ပစ်ခတ်မှုက နှစ်နာရီလောက်ကြာတယ်။ စစ်တပ်ဘက်က တယောက်သေတယ်။ ရဲသုံးယောက် ဒဏ်ရာရတယ်၊ သေဖို့များတယ်။”
နှစ်ဖက်ပစ်ခတ်မှုကြောင့် ဒူးရင်းဆိပ်ရွာအတွင်းရှိ နေအိမ်ခြံစည်းရိုးများ မီးလောင်သွားပြီး ဒူးရင်းဆိပ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန ဆေးခန်းပေါ် လက်နက်ကြီးကျည် ကျရောက်ကာ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်က တပ်ကြပ်ကြီးအောင်ကျော် သေဆုံးကာ အမှတ် ၂၂ လုံခြုံရေး ရဲတပ်ရင်းမှ ဒုရဲအုပ်သန်းဝေဖြိုး၊ တပ်ကြပ်ကြီးစိုးအောင်နဲ့ ရဲတပ်သားဖြူလှတို့ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“စစ်တပ်ဘက်က သေတဲ့သူကို စစ်တပ်က လာသယ်သွားတယ်။ ဒဏ်ရာရတဲ့ရဲတွေကို ပရဟိတအသင်းက သထုံခရိုင်ဆေးရုံကို ပို့လိုက်တယ်။”
လတ်တလောမှာ မွန်နဲ့ ကရင်နယ်စပ်ရှိ ဒုံသမိတံတား စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က အင်အားတိုးမြှင့်ချထားပြီး စတင်ပစ်ခတ်ခဲ့တဲ့ ကော့ပနော့ကျေးရွာဘက်မှာလည်း စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။