
သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ အဆိုတော် လီလီနိုင်ကျော်ဟာ စိုးရိမ်ရတဲ့ဒဏ်ရာ ပြင်းထန်ရပြီး တပ်မတော်ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေတယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၂) ရပ်ကွက်နေ အသက် ၅၈ နှစ်အရွယ် အဆိုတော် ဒေါ်လီလီနိုင်စိုး (ခ) လီလီနိုင်ကျော်ဟာ မေ ၃၀ ရက် ည ၇ နာရီလောက်က မော်တော်ယာဉ်နဲ့ အပြင်မှ နေအိမ်သို့ ပြန်လာစဉ် နေအိမ်တိုက်ခန်းရှေ့အရောက်မှာ လမ်းလျှောက်လာတဲ့ အမျိုးသားတယောက်က ပစ်ခတ် ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
အဆိုပါပစ်ခတ်ခဲ့မှုကြောင့် လီလီနိုင်ကျော်ဟာ ယာနားထင် ကျည်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့လို့ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေတယ်လို့ စစ်ကောင်စီ သတင်းမှာဖော်ပြပါတယ်။
လီလီနိုင်ကျော်ဟာ ရန်ကင်းမြို့နယ်၊ ၂ ရပ်ကွက် ရန်ရှင်းလမ်းမှာ မေလ ၃၀ ရက် ည ၇ နာရီကျော်က အပြင်ကနေ နေအိမ်ကိုကားနဲ့ ပြန်လာစဥ် နေအိမ်ရှေ့မှာ အမည်မသိအမျိုးသားတစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။
သေနတ်နဲ့ ပစ်ခံရပြီးနောက် ဒဏ်ရာရသွားတဲ့ လီလီနိုင်ကျော်ကို စစ်ကောင်စီတပ်နဲ့ရဲတွေက မင်္ဂလာဒုံစစ်ဆေးရုံ ခုတင် ၁၀၀၀ ကိုပို့ဆောင်လိုက်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
"သေနတ်နဲ့ ပစ်ခံရတာမှန်တယ်။ ဒါပေမဲ့ မသေသေးဘူး။ ခုတင်တစ်ထောင်မှ ကုနေတယ်။ မျက်နှာထိသွားတယ်။ စိုးရိမ်ရတဲ့အခြေအနေပါ"လို့ ရှင်းပြပါတယ်။
ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ၂ ရပ်ကွက် ရန်ရှင်းလမ်းတလျှောက် စစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမဲ့ ပစ်ခတ်သူကိုတော့ ဖမ်းဆီးရမိတာမရှိဘူးလို့ ရပ်ကွက်မှာ နေထိုင်သူတွေထံက သိရပါတယ်။
လီလီနိုင်ကျော်ဟာ စစ်တပ်ထောက်ခံသူတဖြစ်ပြီး သူ့ရဲ့ ဖခင်ဖြစ်သူဟာလည်း အရာခံဗိုလ်အဆင့်နဲ့ အငြိမ်းစားယူထားသူတစ်ဦးဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူက ဒီဗွီဘီ ကို ပြောပါတယ်။
မေလ ၂၆ ရက် မနက် ဆယ်နာရီကလည်း မြောက်ဒဂုံ မြို့နယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ အမျိုးသားရေးလှုပ်ရှားသူဦးတင့်လွင် သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားခဲ့ပါတယ်။










