
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ မနေ့ ဩဂုတ် ၁၁ ရက်က လူငယ်တယောက် ဒုဋ္ဌဝတီ မြစ်အတွင်း ရေနစ်သေဆုံးပြီး သီပေါ-ပြင်ဦးလွင်လမ်းပိုင်း၊ ခြေမြစ်ပင်ရွာမှာလည်း သီပေါက အမျိုးသမီးတယောက် တောင်ကျရေနဲ့ မျောပါသေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
သီပေါမြို့၊ ဇာတ်စုရပ်က အသက် ၂၀ ကျော်အရွယ် လူငယ်တယောက်ဟာ မနေ့ ညနေ ၆ နာရီ ဝန်းကျင်မှာ ဘောတံတားဆိပ်အနီး ဒုဋ္ဌဝတီမြစ်ထဲ ရေချိုးဆင်းရာကနေ ရေနစ်သွားတာလို့ ဒေသခံ တွေက ပြောပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “သီပေါ ဇာတ်စုရပ်က လူငယ်တယောက် ရေနစ်သွားတာ။ ပြန်ဆယ်လို့ မရဘူးလေ။ ရေက နီနေတာ။ ရေတွေလည်း အရမ်းမကျသေးဘူး။ ဘယ်လိုစိတ်ကူးနဲ့ ရေဆင်းချိုးတာလဲ မသိပါဘူး။ မနေ့ညနေ ၆ နာရီလောက်က ဖြစ်တာ” လို့ ပြောပါတယ်။
ဒုဋ္ဌဝတီမြစ်ထဲ ရေချိုးဆင်းတာမှာ လူ ၂ ယောက် ရေနစ်ခဲ့တာဖြစ်ပြီး တယောက်ကိုတော့ ကယ်ဆယ် နိုင်ခဲ့ပေမဲ့ ကယ်ဆယ်ပေးသူကိုယ်တိုင်လည်း ဆေးရုံတက်နေရတယ်လို့ သူက ပြောပါတယ်။
ရေနစ်သေဆုံးသူဟာ ရေဦး တန့်ဆည်ဘက်ကဖြစ်ပြီး သူ့အဖေ ဆုံးပါးထားတာ တလတောင် မပြည့်သေးဘူးလို့ သိရပါတယ်။ သူတို့နေထိုင်ရာဒေသအခြေအနေ မကောင်းတာကြောင့် ပြင်ဦးလွင် မှာ လာရောက် နေထိုင်ရင်း သီပေါမှာရှိတဲ့ ဆွေမျိုးတွေဆီ ခဏလာရောက်နေသူဖြစ်ပြီး သူ့အမေက လည်း မနေ့မနက်မှ သီပေါကို ရောက်လာတာလို့ ဆိုပါတယ်။
ရေနစ်သေဆုံးသွားတဲ့ လူငယ်ဟာ ကားမောင်းသူဖြစ်ပြီး ရေချိုးဆင်းမဲ့အချိန် ဆိုင်ကယ်ပေါ်မှာ အာလူးကြော်နဲ့ ဖုန်းတွေထားခဲ့သလို အင်္ကျီကိုလည်း ချွတ်ထားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဘောတံတားဆိပ်အနီး တာဘောင်ဘက်ဟာ ညနေခင်းတွေမှာ ဒေသခံတွေ လာရောက် ထိုင်နားလေ့ ရှိတဲ့နေရာဖြစ်ပြီး သေဆုံးသူ ရေထဲ နစ်မြုပ်ခါနီးမှာ “ကယ်ကြပါဦး” လို့ အော်ဟစ်ခဲ့တာကို အနီးမှာရှိသူတွေ ကြားခဲ့၊ မြင်ခဲ့ ရတယ်လို့လည်း သိရပါတယ်။
လက်ရှိရေအခြေအနေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေကြီးထားတာကြောင့် မြစ်ရေက အများကြီး ကျသွားတာ မရှိသေးဘဲ ရေကလည်း နီပြီး နောက်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် သီပေါမြို့က အမျိုးသမီးတယောက်ဟာ မနေ့မနက်ပိုင်းက သီပေါ-ပြင်ဦးလွင် ကားလမ်း၊ ခြေမြစ်ပင်အနီးမှာ တောင်ကျရေ အရှိန်နဲ့ မျောပါသွားပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအမျိုးသမီးဟာ သီပေါတောင်မြို့ဘက်က အသက်မွေးဝမ်းကျောင်းအတွက် ဆိုင်ကယ်ကယ်ရီ မောင်းသူဖြစ်ပြီး အိန္ဒိယနွယ်ဖွား အစ္စလာမ်ဘာသာဝင် အမျိုးသမီးတယောက် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ် ဒေသခံအမျိုးသမီးက တယောက်က “တောင်ကျရေ ဆောင့်မိတာလို့ ပြောတယ်။ သူ ဖြတ်လာချိန်မှာ တောင်ကျရေက အရှိန်နဲ့ စီးလာတာ ဖြစ်မှာပေါ့။ အဖွဲ့လိုက် သွားတာဆိုတော့ ချက်ချင်းသိတာလေ။ အလောင်းက မပျောက်ဘူး။ သီပေါကို ပြန်သယ်လာတယ်” လို့ ပြောပါတယ်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ တောင်ကျရေ၊ ချောင်းရေ ရုတ်တရက် မြင့်နေပြီး ရေဘေးအန္တရာယ်တွေ ရှိနေပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ လက်ရှိ မုတ်သုံရာသီ မိုးလေဝသအခြေအနေ ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံ ဒေသအများအပြားမှာ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးသည်းထန်တဲ့ ဒေသတွေမှာ ရေကြီးရေလျှံတာ၊ တောင်ကျရေ ရုတ်တရက် စီးဆင်းတာတွေကို သတိထားဖို့ နှိုးဆော်ထားတာ တွေ့ရပါတယ်။










