DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်မြို့နယ်တွင် SNA တပ်ဖွဲ့က အဓမ္မစစ်သားစုဆောင်းနေ 
DVB
·
May 31, 2023
ဗန်းမောက်မြို့နယ်တွင် SNA တပ်ဖွဲ့က အဓမ္မစစ်သားစုဆောင်းနေ 
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ကြောင်လည်ရွာ ပတ်ဝန်းကျင်က ကျေးရွာတွေမှာ SNA ရှမ်းနီလက်နက်ကိုင်တပ်တွေက အဓမ္မ စစ်သားစုဆောင်းနေလို့ ရွာသားတွေထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်သားစုဆောင်းတာကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့  ပြည်သူတစ်ဦးက “အခု SNA ကြီးစိုးသွားတဲ့ ရွာတွေမှာ တရွာကို ၁၅ ယောက် မဝင်မနေရဆိုပြီးတော့ သူတို့ SNA တပ်ဖွဲ့ထဲကို အတင်း အဓမ္မစုဆောင်းတယ်။ ဒီနောက်ပိုင်းဆိုရင် ဘယ်လောက်ဆိုးလာလဲ ဆိုတော့ ယောကျ်ားရှိတဲ့ အိမ်တွေဆိုရင် SNA ထဲမဝင်မနေရဆိုပြီးတော့၊ တယောက်ရှိရင် တယောက်ဝင်ရမယ်၊ နှစ်ယောက်ရှိရင် နှစ်ယောက်ဝင်ရမယ်ဆိုပြီးတော့ လုပ်လာတာ တွေ့ရတယ်”လို့ ပြောပါတယ်။

စစ်သားစုဆောင်းမှုမှာ ရှမ်းနီတိုင်းရင်းသားတွေကို ဦးတည်စုဆောင်းနေတာဖြစ်တယ်လို့လည်း သိရပြီး ခုလိုအတင်းအကျပ် စစ်သားစုဆောင်းမှုနဲ့ ပတ်သက်လို့ ရှမ်းနီးတပ်ဖွဲ့တာဝန်ရှိသူတွေကို တော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။ 

SNA နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ပြန်လည်ထိန်းချုပ်ထားတဲ့ ကြောင်လည်အနောက်မြောက်ခြမ်း မန်စီကြီးဒေသနဲ့ မှန်လည်ဒေသတွေကို SNA နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လွန်ခဲ့တဲ့ ဧပြီလကတည်းက တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက်   ကျေးရွာတွေက ပြည်သူတွေကို SNAတပ်ထဲ အတင်းအဓမ္မစစ်သားစုဆောင်းခံနေရတာဖြစ်တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

SNA ပြန်လည်ထိန်းချုပ်တဲ့ ဒေသတွေက ရှမ်းနီမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေကို ကျေးရွာတွေမှာ နေထိုင်ခွင့်မပြုဘဲ မောင်းထုတ်နေတယ်လို့ ကျေးရွာနေပြည်သူတစ်ဦးက ပြောပါတယ်။

SNA တပ်ဖွဲ့တွေ မောင်းထုတ်လို့ ဘေးလွတ်ရာကို တိမ်းရှောင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတစ်ဦးက “သူတို့ ပြန်လည်ထိန်းချုပ်တဲ့ ဒေသတွေမှာ တိုက်ပွဲဖြစ်တော့ တိမ်းရှောင်နေရတဲ့ ရှမ်းနီပြည်သူတွေကို လာကြပါလာကြပါဆိုပြီး ပြန်လည်လက်ခံတယ်။ ဗမာ၊ ကချင် တခြားတိုင်းရင်းသားတွေကိုတော့ ငါတို့အုပ်ချုပ်တဲ့နယ်မြေမှာ မနေနဲ့ဆိုပြီး မောင်းထုတ်ခံရတာ။ ပြီးတော့ ရွှေတော်နောင်ပွတ်ဆိုတဲ့ ရွှေမှော်ဈေးတန်းမှာ ကျနော်တို့ ပြင်ပလူပိုများတယ်၊ များတဲ့အခါကျတော့ အားလုံးကို မောင်းထုတ်တယ်။ ပြီးတဲ့အခါကြတော့ ပစ္စည်းတွေကို သူတို့ယူနိုင်သလောက်ယူတယ်။ အိမ်တွေကိုလည်း  မီးရှို့ဖျက်ဆီးလိုက်တယ်၊  ဈေးတန်းဖြစ်တဲ့ အတွက် အိမ်တွေတော့များမယ်၊ ဘယ်လောက်လဲတော့ မသိဘူး”လို့ ပြောပါတယ်။

ဗန်းမောက်မြို့နယ် အနောက်ခြမ်းမှာ ကျေးရွာတိုက်နယ် ၄ ခုရှိပြီး SNAနဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက ကျေးရွာတိုက်နယ် ၂ ခုကို  ပြန်လည်ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းက SNA ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၂ ခုနှစ် စက်တင်ဘာလ လောက်က ထိန်းချုပ်နိုင်ခဲ့ပြီး  ၂၀၂၃ ဧပြီလမှာပြန်ပြီး လက်လွှတ်လိုက်ရတယ်လို့ ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့  နီးစပ်သူတစ်ဦးကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013