DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၂ နှစ်ကျော်အတွင်း စစ်အုပ်စုက ပြည်သူ ၃,၅၉၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်
DVB
·
May 30, 2023
အာဏာသိမ်း ၂ နှစ်ကျော်အတွင်း စစ်အုပ်စုက ပြည်သူ ၃,၅၉၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံးပြည်သူ အယောက် ၃,၅၉၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၂,၇၃၇ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ မေ ၃၀ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၈,၄၁၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၆,၁၀၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၄ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၄,၃၂၀ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၇ ရက်က ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျောင်းဆရာမ မသိမ့်သိမ့်စိုးကို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်သွယ်မှုရှိတယ် ဆိုကာ အကြမ်းဖက်စစ်အုပ်စု တပ်သားတွေက ဘိုကလေးမြို့၊ အမှတ် ၆ ရပ်ကွက်က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မသိမ့်သိမ့်စိုးကို ဘိုကလေးမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) နဲ့ အမှုဖွင့်ထားတယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် မေ ၂၅ ရက်ကလည်း စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မကျီးစောက်ကျေးရွာကို အင်အား ၇၀ လောက် ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းတာကြောင့် ဒေသခံ ဒေါ်ချိုဟာ ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေချိန် စစ်အုပ်စုက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဦးခေါင်းနဲ့ ရင်ဘတ်ကို ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013