DVB Logo
Home
မြန်မာသတင်း
အကျဉ်းကျခံနေရသည့် နိုင်ငံခေါင်းဆောင် ၂ ဦးကို စစ်ကောင်စီက ရှေ့နေနှင့် တွေ့ခွင့်မပေး
DVB
·
May 30, 2023
အကျဉ်းကျခံနေရသည့် နိုင်ငံခေါင်းဆောင် ၂ ဦးကို စစ်ကောင်စီက ရှေ့နေနှင့် တွေ့ခွင့်မပေး
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ဟာ သူတို့ရဲ့ အကျိုးဆောင်ရှေ့နေတွေနဲ့ တွေ့ခွင့်မရဘဲ အဆက်အသွယ် လုံးဝအဖြတ်ခံထားရတယ်လို့ အကူအညီပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။ 

စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ အကျဉ်းထောင်လက်စွဲဥပဒေကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေတာ ဖြစ်တယ်လို့ ဝါရင့်ရှေ့နေတယောက်က မှတ်ချက်ပေးပါတယ်။ 

အသက် ၇၇ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ တရားရုံးက အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားပြီး သမ္မတ ဦးဝင်းမြင့်ကိုတော့ အမှု ၈ မှုနဲ့ စုစုပေါင်း ထောင် ၁၂ နှစ်အထိ စစ်ကောင်စီက ချမှတ်ထားတာပါ။

အမှုတွေပြီးပြတ်ခါစ ၂၀၂၂ ဒီဇင်ဘာလကုန်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်တွင်းမှာ ဆရာဝန် ၂ ယောက်နဲ့ ပုံမှန်ဆေးစစ်တာမျိုးနဲ့ ကျန်းမာရေး စောင့်ရှောက်တာရှိခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာ ဒေါ်စန်းမာလာညွန့်တို့ ဦးသန်းလှိုင်တို့ပါဝင်တဲ့ ရှေ့နေအဖွဲ့နဲ့ နိုင်ငံ့ခေါင်းဆောင်တွေဟာ တရားဝင် တွေ့ဆုံခွင့်မရတော့ဘူးလို့ သိရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့်ထားတဲ့ အကျဉ်းခန်းထဲမှာ အမျိုးသမီးအကျဥ်းထောင်ဝန်ထမ်း ၃ ဦး ထားရှိပေးထားပြီး အဲဒီတုန်းက တစ်ပတ်မှာ ထောင်ဝင်စာ ၂ ရက်ရခဲ့ပါတယ်။ 

ရှေ့နေတစ်ဦးက “အမိန့်ချပြီးရင် ပစ္စည်းတွေ ဘာတွေပေးဖို့ ပါဝါထိုးထားတာက ဝန်ကြီးဦးမင်းသူရဲ့ဇနီးကလည်း ရှေ့နေပဲ။ သူနဲ့လည်း ကျနော်တို့ အဆက်အသွယ်အရ မေးကြည့်တာတော့ သူလည်း ဖွားလေးစုနဲ့ မတွေ့ရဘူး။ ဒေါ်စန်းမာလာညွန့်တို့လည်း ပါဝါပဲထိုးရတာ လူချင်းမတွေ့ရပါဘူး။ ပါဆယ်ပို့တာတွေတော့ ပို့ရတယ်။ ကျန်းမာတယ်လို့တော့ သိရတယ်။ ပေးမတွေ့တော့တာပေါ့။ ဘယ်သူနဲ့မှမတွေ့ရဘူး ရှေ့နေတွေလည်း မတွေ့ရဘူး။ ပါဝါတွေပဲထိုးပြီးတော့ တင်ရတယ်လို့ သိရတယ်။ ဒီပစ္စည်းသွားပေးတဲ့ ဆရာမကြီးလည်း မတွေ့ရဘူး။ ပစ္စည်းပဲပေးရတာ။ နေရာကတော့ အတိအကျ မသိရသေးဘူး။ လောလောဆယ်တော့ ပြောင်းတယ်လို့မသိရသေးဘူး။” 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံအမှု ၉ မှုကို စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီနောက်ဆုံးအပတ်မှာ အပြီးသတ် စီရင်ချက်ချမှတ်ပြီး ပယ်ချခဲ့ပါတယ်။ 

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချထားတဲ့ ပို့ကုန်သွင်းကုန်အမှု၊ ဆက်သွယ်ရေးအမှု၊ သဘာဝဘေးနှစ်မှု၊ ပုဒ်မ ၅၀၅(ခ)နဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ အမှု ၄ မှုရဲ့အယူခံတွေကို အောက်တရားရုံးတွေက ပယ်ချခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အယူခံ အဆင့်ဆင့် တက်ခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချခဲ့တဲ့အမှုတွေထဲမှာ သမ္မတဦးဝင်းမြင့်ရဲ့ အမှုနှစ်မှုလည်း ပါဝင်ခဲ့ပါတယ်။ 

စစ်ကောင်စီ တရားရုံးက ပယ်ချခဲ့တဲ့အမှုတွေကို အထူးအယူခံ ဆက်တက်ဖို့အတွက် ရှေ့နေအဖွဲ့က ဆက်လက်ပြင်ဆင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ရှေ့နေအဖွဲ့နဲ့ ခေါင်းဆောင်တွေ တွေ့ခွင့်မရတော့ဘဲ အဆက်အသွယ်အဖြတ်ခံခဲ့ရတာပါ။ 

ဝါရင့်ရှေ့နေ ဦးကြီးမြင့်က“သူတို့က ဥပဒေကိုလိုက်နာတဲ့သူတွေ မဟုတ်ဘူး။ လေးစားတဲ့သူတွေလည်း မဟုတ်ဘူး။ အကျဉ်းထောင်လက်စွဲဥပဒေဆိုတာ သွန်လိုသွန် မှောက်လိုမှောက် လုပ်နေတာလေ။ တကယ်ကျတော့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အကျဉ်းထောင်လက်စွဲဥပဒေနဲ့အညီ ထားရမှာလေ။ တွေ့ခွင့်ပေးရမယ်။ ပါဆယ်ပို့ရမယ်။ အဆက်အသွယ် စာရေးခွင့် ပြုခွင့် ဖတ်ခွင့်တွေပေးရမယ်။ ဒါက အကျဉ်းထောင်လက်စွဲဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အခွင့်အရေးတွေပဲလေ။ သူတို့က အကျဉ်းထောင်တွေထဲမှာ ထပ်ပြီးတော့ အမှုတွေ ကျူးလွန်တယ်၊ ဥပဒေကို ချိုးဖောက်တယ်ဆိုရင်တော့ တမျိုးပေါ့။ အဲ့လိုမဟုတ်ဘူး ဆိုရင်တော့ သူတို့က အကျဉ်းထောင်လက်စွဲဥပဒေအရ နိုင်ငံရေးအကျဉ်းသားအခွင့်အရေးမပေးတောင် သာမန် အကျဉ်းသား အခွင့်အရေးတော့ ပေးရမှာပဲ။ အဲဒါတွေမပေးတာကတော့ ဥပဒေချိုးဖောက်ရာ ရောက်တယ်။ မလုပ်ရမယ့်ဟာတွေ လုပ်နေတယ်လို့ မှတ်ချက်ပေးလို့ရတာပေါ့။ ဒါပေမဲ့လို့ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေအပါအဝင် နအဖ မျက်နှာနာရမယ့် နိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်တောင်းတယ်။ ကောင်းကောင်းမွန်မွန် ထားပါလို့ တရုတ်ကိုယ်စားလှယ်ကလည်း မေတ္တာရပ်ခံသွားတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး မလာခင် လာသွားတဲ့တယောက်က သူနဲ့ပတ်သက်လို့ ကျန်းမာရေးတွေ ဘာတွေ ဂရုစိုက်စေချင်တယ်လို့ ပြောတာမျိုးတွေရှိတယ်။ နိုင်ငံတကာအဆင့် ခေါင်းဆောင်တွေဖြစ်တဲ့အတွက်ကြောင့် သာမန် အကျဉ်းသားအခွင့်အရေးတော့ ရမယ်လို့ ယုံကြည်ပါတယ်။”

အာဏာသိမ်းပြီးနောက် ဖမ်းဆီးတရားစွဲခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိလိုက်စားမှုအပါအဝင် အမှုပေါင်းများစွာနဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ပြီးခဲ့တဲ့လပိုင်းကလည်း စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကို နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013