DVB Logo
Home
ဆောင်းပါး
စစ်တပ်က အာဏာသိမ်းပြီးနောက် တန်ဖိုးမဲ့သွားတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်များ
DVB
·
May 30, 2023
စစ်တပ်က အာဏာသိမ်းပြီးနောက် တန်ဖိုးမဲ့သွားတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်များ
Donate to DVB

စစ်တပ်နဲ့ စစ်တပ်ရဲ့လက်အောက်ခံ အဖွဲ့တွေက မထင်ရင် မထင်သလို လက်လွတ်စပယ် ဖမ်းချင်သလိုဖမ်း၊ သတ်ချင်သလိုသတ်၊ ဖျက်ဆီးချင်သလို ဖျက်ဆီးနေခဲ့ကြတာ ၂ နှစ် ကျော်ခဲ့ပါပြီ။ ဒီကြားထဲ တောမီးလောင် တောကြောင် လက်ခမောင်းခတ်ပြီး ခေတ်ပျက်ကြီးထဲမှာ စီးပွားရှာကာ လုယက်သတ်ဖြတ်နေကြတာကလည်း နေရာတိုင်း ဒေသတိုင်းမှာ နေ့စဉ်ကြားသိနေရတယ်။ ဒီကြားထဲ စစ်တပ်နဲ့ စစ်ကောင်စီဘက်က လူတွေက ပြောသေးတယ်၊ တရားဥပဒေနဲ့အညီ ဆိုတဲ့စကားကို မရှက်မရွံ့ ခွေးပါးစပ်က နတ်စကား ထွက်သလို တတွတ်တွတ် ပြောဆိုကြသေးတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ဘယ်နေရာမှာမှ တရားဥပဒေဆိုတာ မရှိတော့ဘူး။ ရိုက်နှက် ဖမ်းဆီးသတ်ဖြတ်သမျှကို ဒီနေ့ ဒီအချိန်မှာ ပြည်သူတွေ ခေါင်းငုံ့ခံနေကြရတယ်။ အမည်မသိ လက်နက်ကိုင်အဖွဲ့ သို့မဟုတ် ရဲနဲ့ စစ်တပ် သူတို့ဖမ်းသွားပြီဆို အသက်သေရင်သေ၊ မသေလို့ ပြန်ရောက်လာခဲ့ရင်တောင် လူဖြစ်ရှုံးတဲ့ ဒုက္ခိတဘဝနဲ့ မိသားစုဆီ ပြန်ရောက်ခဲ့ကြရတယ်။

ငွေမရှိ ဆင်းရဲသားတွေကို တော်လှန်ရေးနဲ့ပတ်သက်သူလို့ စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်တယ်။ ငွေရှိတဲ့ လူချမ်းသာ သူဌေးတွေကိုကျ ပြန်ပေးဆွဲသလိုမျိုး PDF ထောက်ပံ့လို့ဆိုတဲ့ စကားနဲ့ ခြိမ်းခြောက်ငွေညှစ်တယ်။ မိသားစု စားဝတ်နေရေးအတွက် ဈေးဆိုင်ဖွင့် ရောင်းဝယ်ရေး လုပ်သူတွေ၊ ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေခမျာလည်း သူခိုးကြောက်ရ၊ ဓားပြကြောက်ရနဲ့ လုယက်သွားရင်၊ ဓားပြလာတိုက်သွားရင် ပြန်ရဖို့ မမျှော်လင့်ကြနဲ့တော့၊ အသက်ရန်ရှာမသွားတာ ကံကောင်းတယ်လို့ မှတ်ယူပြီး ကျေးဇူးတောင် ရှာကြံတင်ရဦးမယ့် အနေအထားတွေ ဖြစ်နေတယ်။ အခုဆို နေ့တိုင်းကြားနေရတာ ဘယ်မြို့ကရွှေဆိုင် ဓားပြတိုက်သွားတယ်၊ ဘယ်ဆိုင်ကို အနုကြမ်းစီးသွားတယ် ဆိုတဲ့ သတင်းတွေပဲဖြစ်တယ်။

‌စစ်တပ်က အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်အချိန်အတွင်းမှာ သတ်ဖြတ်ခံရတဲ့ ပြည်သူ ၃,၅၇၀ ရှိပြီလို့ အေအေပီပီက ထုတ်ပြန်ထားတယ်။ ဒါက စာရင်းဝင်ပဲရှိသေးတယ်။ လူမသိ သူမသိ အသတ်ခံရလို့ သေတဲ့သူတွေ, ညှဉ်းပန်းနှိပ်စက်ခံရတဲ့ဒဏ်ကြောင့် သေတဲ့သူတွေ ဘယ်လောက်ရှိမယ်မသိဘူး။ ၁ နှစ်ကို ၁,၅၀၀ ကျော် သေဆုံးခဲ့ရတယ်။ ဒီအထဲမှာ လူငယ်လူရွယ် ပညာတတ် လူတော်တွေ ဘယ်လောက်ပါမယ် မသိရဘူး။ သိရသလောက် အသက် ၂၀ ပတ်လည် အရွယ်ကောင်းလေးတွေ အများဆုံး သေဆုံးခဲ့ရတယ်။

မီးသင့်ပြီး ဆုံးရှုံးသွားရတဲ့ လူနေအိမ်တွေထဲမှာဆိုရင်လည်း အိမ်ကြီးအိမ်ကောင်းတွေပါတယ်။ မိသားစုတစုမှာ အဓိက မရှိမဖြစ်လိုအပ်တာ အိမ်တလုံးပါပဲ။ မိဘမောင်ဘွားတွေ ပျော်စရာအကောင်းဆုံး နွေးထွေးတဲ့ အသိုက်အမြုံဟာ အိမ်ပါပဲ။ မိသားစုနေလို့ရမယ့် အိမ်လေးတလုံးဖြစ်ဖို့ အနှစ်နှစ်အလလ ခြိုးခြံချွေတာပြီး သံတချောင်း သွပ်တချပ်ကနေ စုဆောင်းပြီး ကိုယ်တတ်နိုင်သလောက် အင်အားနဲ့ တည်ဆောက်ခဲ့ကြတဲ့ အိမ်လေးကို နာရီပိုင်း မိနစ်ပိုင်းအတွင်း ပြာပုံဘဝရောက်အောင် ယုတ်မာကောက်ကျစ်သူတွေက မီးတင်ရှို့ ဖျက်ဆီးခဲ့ကြတယ်။ တချို့ ပြန်စရာ ရွာမရှိတော့ဘူး၊ နေစရာ အိမ်မရှိတော့ဘူး၊ ကြိုဆိုမယ့် မိသားစုဝင်တွေ မရှိတော့ဘူး။ တောတောင်တွေထဲမှာ တကွဲတပြားဆီ နေထိုင်ရင်းဘဝတွေပျောက် အသက်တွေပျောက်ခဲ့ကြရပါပြီ။

မကြာခင် ကျောင်းဖွင့်တဲ့ရာသီ ရောက်တော့မယ်။ နွေဦးတော်လှန်ရေးကာလမှာ မရှိတော့တဲ့ လူငယ်လေးတွေ၊ ကလေးသူငယ်လေးတွေ သူတို့စာသင်ခန်းထဲကို ဘယ်တော့မှ ပြန်ရောက်လာကြမှာ မဟုတ်တော့ဘူး။ ဒါကိုသိရက် မသိချင်ယောင်ဆောင်ပြီး ငါ့သား ငါ့သမီး အတန်းရဖို့ ပညာတတ်ဖြစ်ဖို့ဆိုတဲ့ အတွေးနဲ့ ကျောင်းအပ် ကျောင်းထားကြတော့မယ်။ တခုတော့ ပြောချင်သေးတယ်၊ စစ်တပ်က အရာရှိကြီးတွေရဲ့ သားသမီးတွေ မြန်မာနိုင်ငံထဲက စာသင်ကျောင်းတွေမှာ ကျောင်းမထားကြဘူး။

မနုဿတဒုလ္လဘ၊ လူ့ဘဝဆိုတာ ရခဲတယ်။ ရခဲတဲ့ လူ့ဘဝမှာ အရာရာဟာ တန်ဖိုးရှိတယ်။ ကိုယ့်သားသမီး၊ ကိုယ့်မိသားစု၊ ကိုယ့်အိမ်ရာမှ တန်ဖိုးရှိတာမဟုတ်ပါဘူး။ လူတိုင်းလူတိုင်းရဲ့ အသက်တွေ အိုးအိမ်စည်းစိမ်တွေကလည်း တန်ဖိုးရှိပါတယ်။ ကမ္ဘာကြီးကပြောတယ်၊ အကြမ်းဖက်မှု ချက်ချင်းရပ်တဲ့။ အကြမ်းဖက်မှုထဲမှာ သူတပါးအသက်ကို မတရားသတ်ဖြတ်ခြင်းလည်း ပါတယ်၊ အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးတာပါတယ်၊ မတရားဖမ်းဆီး ညှဉ်းပန်းနှိပ်စက်တာ ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ကစလို့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေဟာ တန်းဖိုးမဲ့ခဲ့ရပါတယ်။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013