DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားများ လစာနည်းပါးမှုနဲ့ အခွင့်အရေးချိုးဖောက်ခံရမှု အဆိုးဆုံးကြုံနေရ
DVB
·
May 29, 2023
စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားများ လစာနည်းပါးမှုနဲ့ အခွင့်အရေးချိုးဖောက်ခံရမှု အဆိုးဆုံးကြုံနေရ
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ပြည်တွင်းက အခြေခံလုပ်သားတွေဟာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှု များစွာ ကြုံနေရပြီး အခြေခံ လုပ်အားခ တရက်ကို ငွေကျပ် ၄၈၀၀ ပဲ ရတဲ့ နှုန်းထားဟာ လက်ရှိအချိန်ထိ တိုးမလာသေးပါဘူး။  

တချို့ စက်ရုံအလုပ်ရုံတွေမှာ တရက် လုပ်အားခ ၅၆၀၀ ကျပ် ပေးခေါ်တဲ့ အနေအထားရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေဆီက သိရပါတယ်။

အလုပ်သမားတွေရဲ့ တရက်လုပ်အားခဟာ အမေရိကန်ဒေါ်လာ ၂ ဒေါ်လာလောက်သာ ရှိပါတယ်။ တဖက်မှာ ကုန်ဈေးနှုန်းကြီးမြင့်လာတကြောင့် အခြေခံလုပ်သားတွေအတွက် တရက် လုပ်အားခ ငွေကျပ် ၁ သောင်းအထိ ရရှိဖို့ အလုပ်သမားတွေနဲ့ အလုပ်သမားကူညီရေးအဖွဲ့တွေက မေ ၁ ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့မှာ တောင်းဆိုထားပါတယ်။

"ဝန်ကြီးဌာနဘက်ကတော့ အနိမ့်ဆုံး လုပ်ခလစာနဲ့ ပတ်သက်ပြီး အမျိုးသားအဆင့် ကော်မတီကို အစည်းအဝေး ခေါ်တာတို့၊ ထုတ်ပြန်မယ်တို့ သတင်းအစအန မတွေ့ရဘူး။ ဒါပေမဲ့ အထည်ချုပ်လုပ်ငန်းရှင်တွေကတော့ အနိမ့်ဆုံးလုပ်ခလစာ ၅၆၀၀ ပေးမယ်ဆိုပြီး အလုပ်တွေ ခေါ်နေတယ်။ သူတို့တွေလည်း ပေးနေကြတယ်။ ပွင့်ပွင့်လင်းလင်း ပြောလို့ရှိရင် သူတို့ လက်ဝါးချင်းရိုက်ပြီးတော့ ၅၆၀၀ ပဲ ပေးဆိုပြီး ဒါကို တရားဝင်ဖြစ်အောင် လုပ်ဖို့ ကြိုးစားတာလား မပြောတတ်ဘူးပေါ့နော်။ သူတို့ လုပ်ရပ်တွေကို ကြည့်ရတာ အဲ့လိုများလားလို့ သံသယ ဝင်ရတာပေါ့။ ကျမတို့ကတော့ စပြီး မေလ ၁ ရက်နေ့က တောင်းဆိုချက်အတိုင်း မပြောင်းလဲဘူး။ ၁ သောင်း တောင်းထားတယ်။ အခုချိန်မှာက လူတယောက်က ၃ သိန်းမှ မရရင် ဘယ်လိုမှ ရပ်တည်လို့ အဆင်မပြေဘူး။ အရှေ့မှာလည်း အခြားကဏ္ဍတွေလည်း ဒီလိုမျိုးတွေရှိတယ်။ အထည်ချုပ်ကကျတော့ အိုတီရှိတော့ ကျန်တဲ့သူတွေနဲ့ မတူတဲ့ ကွဲပြားတဲ့ လစာပေးမှု ပုံစံတော့ ရှိတာပေါ့" လို့ STUM - သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ အခြေခံ အလုပ်သမားတယောက်ရဲ့ တနေ့တာ အနည်းဆုံး ကုန်ကျငွေဟာ ငွေကျပ် ၇၀၀၀ ဝန်းကျင်ရှိပြီး တနေ့လုပ်အားခ ငွေကျပ် ၄၈၀၀ အပြည့်မရတဲ့ အလုပ်သမားတွေ ရှိသလို၊ အလုပ် အချိန်ပို ဆင်းပေမယ့် ငွေကျပ် ၄၈၀၀ သာရပြီး အိုတီကြေး မရတဲ့ စက်ရုံအလုပ်ရုံ လုပ်သားတွေလည်း အများကြီး ရှိနေတယ်လို့ အလုပ်သမား ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

"လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကတော့ လုပ်ငန်းခွင် တော်တော်များများမှာ အဓိကက အိုတီကိစ္စပေါ့။ အဓိက စံချိန်ပေါ့။ တနေ့ကို ဘယ်လောက်၊ တနာရီကို ဘယ်လောက်ဆိုတဲ့ စံချိန်ပေါ့။ ဒီစံချိန်ကို အလုပ်သမားက မဝင်ဘူးဆို ကိုယ့်အချိန်နဲ့ ကိုယ် ဆက်လုပ်နေရတာ။ အိုတီ မရတာပေါ့။ ဒါ စက်ရုံ တော်တော်များများမှာ တွေ့နေရတဲ့ ကိစ္စပေါ့။ ဒီလိုဆို ၈ နာရီထက် ကျော်တာတွေ အကုန်လုံးက အိုတီပဲ ဖြစ်ရမှာလေ။ သို့သော်လည်း ဒီမှာ စံချိန်မပြည့်လို့ အလုပ်ဆင်းရတာမျိုးဆိုပြီး အဲ့လိုလူတွေလောက်ပဲ ကျန်ပြီး အလုပ်လုပ်ရတာပေါ့။ ဒါက လုပ်အားကို ညှစ်ထုတ်တာ၊ Force Labour ပေါ့။"

"လူတယောက် လုပ်နိုင်စွမ်းရည်ထက် ပိုမိုပြီး ခိုင်းစေတာ။ ပြီးရင် အဲဒီအတွက် ငွေကြေးကို မပေးတာပေါ့။ ဒါမျိုးတွေက ဒီမှာ တော်တော်များများတွေ့တယ်။ ဒါပေမဲ့ မတိုင်ကြဘူး။ ဘာလို့လဲဆိုတော့ တိုင်လိုက်ရင် သူတို့ လုပ်ငန်းခွင်ကနေ ဖယ်ကျဉ်မယ်။ ဂရိတ်တွေ ချမယ်။ အမျိုးမျိုး ခေါင်းစဉ်တပ်လို့မရတဲ့ ခွဲခြားဆက်ဆံတာတွေ လုပ်မှာစိုးတော့ မတိုင်ကြဘူး။ ဒီတိုင်းပဲ နေကြတယ်။ ဒါက ဥပဒေနဲ့ မညီဘူးလို့ ကျမတို့ ဘယ်လောက်ပဲ ပြောပြော သူတို့ဘက်က မပါတော့ ဘာမှ လုပ်လို့ မရဘူး"လို့ STUM - သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်ကျော်အတွင်း ရန်ကုန်က စက်မှုဇုန်တွေမှာ အလုပ်သမား အခွင့်အရေးချိုးဖောက်တဲ့အမှုပေါင်း ၅ ရာကျော်အထိ ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အခြေခံလုပ်သားတွေအတွက် အနိမ့်ဆုံး လုပ်ခလစာ ငွေကျပ် ၄၈၀၀ ကို ထပ်မံ တိုးမြှင့် ပြဋ္ဌာန်းဖို့ ပျက်ကွက်ခဲ့တာ အချိန် ၂ နှစ်ကျော်ပြီဖြစ်ပြီး အလုပ်သမားတွေဟာ ရရှိတဲ့ ဝင်ငွေနဲ့ သုံးရတဲ့ အသုံးစရိတ် လောက်ငှမှု မရှိသလို စက်ရုံအလုပ်ရုံတွေ မကြာခဏ ပိတ်သိမ်းတာကြောင့်လည်း အလုပ်လက်မဲ့ ပြဿနာတွေ ရင်ဆိုင်နေရပါတယ်။

"အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေက အများကြီးပဲ။ အခုချိန်ထိလည်း ဖြစ်နေတုန်းပဲ။ ဥပဒေပါ အခွင့်အရေးတွေကိုပဲ ချိုးဖောက်ခံနေရတာပဲ။ နေ့စားအလုပ်သမားဆိုရင် တနေ့ ၄၈၀၀ တောင် ပြည့်အောင် မပေးဘဲ ခိုင်းချင်ရာခိုင်းနေတဲ့ အလုပ်တွေ အများကြီး ရှိတယ်။ ပြည်တွင်းမှာ စက်ရုံ အလုပ်ရုံတွေက ပိတ်သိမ်းတယ်ဆိုပေမယ့် အခုက ဘယ်လိုတွေ ဖြစ်နေလဲဆိုတော့ အဓိကက ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေတာ။ လူသစ်တွေ အများကြီး ခေါ်တယ်။ ပြီးရင် ဥပဒေပါ ခံစားခွင့်တွေ မပေးဘူး။ လုပ်ခလစာ အပြည့်ရအောင် မပေးဘူး။ ဒီလိုမျိုး စေခိုင်းမှုတွေ လုပ်နေတာ။ အဲ့တော့ အလုပ်သမားတွေက ဥပဒေရဲ့ အကာအကွယ်နဲ့ လုပ်ခလစာကို ဥပဒေနဲ့အညီရအောင် လုပ်ဖို့ဆိုတာ အလုပ်သမားတွေအတွက်က စိန်ခေါ်မှုဖြစ်နေတာ"လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်က ပြောပါတယ်။

တရက်လုပ်အားခ အနိမ့်ဆုံး ငွေကျပ် ၄၈၀၀ သတ်မှတ်ခဲ့တာ ၂၀၁၈ ကတည်းကနေ လက်ရှိ အချိန်ထိ ၅ နှစ်တိုင်အောင် ပြင်ဆင် ပြောင်းလဲပြဋ္ဌာန်းတာ မရှိသေးပါဘူး။ ကိုဗစ် ကာလမှာလည်း အလုပ်သမားတွေ အလုပ်ရပ်နားခံရပြီး စစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ အလုပ်သမားတွေ လုပ်ခလစာ အပြည့်မရတာ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေမှာ အဆိုးဆုံးကြုံနေရပြီး အလုပ်သမား သမဂ္ဂတွေ ထဲထဲဝင်ဝင် ကူညီခွင့် မရတော့ဘူးလို့ ပြောဆိုကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေနဲ့အလုပ်သမား အခွင့်အရေးလှုပ်ရှားတဲ့သူ ရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ မြန်မာနိုင်ငံမှာ စက်ရုံအလုပ်ရုံတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမား အရေအတွက် ၅ သိန်းနီးပါး ရှိတယ်လို့ အလုပ်သမား ကူညီရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013