
စစ်ပိုင်းတိုင်း။ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာနားက မြစ်ကမ်းစပ်မှာ မေ ၂၈ ရက် နေ့လယ်ပိုင်းက ခေါင်းဖြတ်သတ်ခံထားရတဲ့ အမျိုးသားအလောင်း တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလောင်းကို ဦးခေါင်းမပါဘဲ တွေ့ရပြီး စစ်တပ်က လာစစ်ချိန်မှ သေဆုံးသူဟာ သစ်တောဦးစီးအရာရှိ ဦးမျိုးသန့်ဇင်ထွန်း(၄၂ နှစ်) ဖြစ်တယ်ဆိုတာသိရတယ်လို့ နယ်ခံတဦးက ပြောပါတယ်၊
“ရေစီးနဲ့မျောလာတာ ဖြစ်မယ်။ ကမ်းစပ်မှာ တင်နေတာကို အဲဒီအနား ဖြတ်သွားတဲ့သူတွေက တွေ့လို့ ပရဟိတအဖွဲ့ကို ဖုန်းဆက်လိုက်တာ။ လူနာတင်ကားနဲ့ စစ်တပ်က ရောက်လာပြီး သယ်သွားကြတယ်။ ညနေလောက်မှ ပြန်ကြားရတာ သစ်တောက တောအုပ်တဲ့။ ၂ ယောက်၊ ၃ ယောက်လောက်တော့ စစ်ဆေးသွားတယ်။ ဖမ်းသွားတာမျိုးတော့ မရှိပါဘူး”
စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာ ယခုသေဆုံးမှုကို PDF က ငါးဦးစီးမှူးကို လာရောက်ဖမ်းဆီး ခေါ်ဆောင်စဉ်မှာ မတွေ့ရှိတဲ့အတွက် ယောက်ဖဖြစ်သူ ဦးမျိုးသန့်ဇင်ထွန်းကို ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့တာလို့ ဖော်ပြထားပေမဲ့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။
ဘာကြောင့် အသတ်ခံရတယ်ဆိုတာ မသိရသေးသလို တောအုပ်သေဆုံးမှုနဲ့ပတ်သက်ပြီး ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မြေအောက် တော်လှန်ရေးအဖွဲ့ (UG) တွေကတော့ မလုပ်ဆောင်ဘူးလို့ ပြောပါတယ်။