
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မေ ၂၇ ညမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ကျောက်စိမ်းလုပ်ကွက်အတွင်းက ရေမဆေးကျောက် ရှာဖွေသူ ၂၅ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်မောင်းလယန်ကျေးရွာအုပ်စုရှိ ကျောက်စိမ်းလုပ်ကွက်အတွင်းကို စစ်ကောင်စီတပ်က သေနတ် ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ရေမဆေးကျောက်ရှာဖွေနေသူတွေကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ရေမဆေးရှာဖွေသူတဦးက "ကျောက်စိမ်းလုပ်ကွက်ထဲကို ညကိုးနာရီလောက်က စစ်ကောင်စီတပ် ရောက်လာတယ်။ စစ်ကြောင်းက နှစ်ဘက်ညှပ်ပြီး ပစ်ခတ်ဝင်လာတာ။ ရေမဆေးတွေလည်း ထွက်ပြေးသူတွေလည်းရှိတယ်။ ကျနော် သိသလောက် ရေမဆေးရှာဖွေသူ ၂၅ ဦးလောက်လည်း အဖမ်းခံသွားရတယ်" လို့ ပြောပါတယ်။
စစ်တပ်က ရေမဆေးကျောက်ရှာဖွေသူ ၂၅ ဦးထက်မနည်းကို ဘယ်နေရာ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။
ဖားကန့်မှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို မေလအတွင်း မကြာခဏ ဖမ်းဆီးနေပြီး မေ ၄ ရက်က မှော်ဝမ်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသား ၂ ယောက်ကိုဖမ်းဆီးခဲ့သလို မေ ၁၆ ရက်ကလည်း ခင်တောင်ကျေးရွာကို ဝင်ရောက်စီးနင်းကာ ဒေသခံ အယောက် ၃၀ ထက်မနည်းကို ဖမ်းဆီးခဲ့ပါတယ်။
ဒါ့အပြင် မေ ၂၅ ရက်ကလည်း လုံးခင်းကျေးရွာက တည်းခိုရိပ်သာတခုကို ဝင်ရောက်စီးနင်းပြီး တည်းခိုနေသူ အမျိုးသား ၅ ဦးထက် မနည်းကို ဖမ်းဆီးခဲ့ပါသေးတယ်။










