
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စိန့်မာတင်ကျွန်းကနေ ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ပို့ဆောင်မဲ့ ဘိလပ်မြေအိတ် ၁,၇၀၀ နဲ့ ကုန်သည် အယောက် ၂၀ တို့ကို မော်တော်ဘုတ် ၂ စင်းနဲ့အတူ ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းဆီးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေက ရေးပါတယ်။
ဇွန် ၂ ရက်က ဘင်္ဂလားဒေ့ရှ် ရေတပ်ကင်းလှည့်နေစဉ်မှာ စိန်မာတင်ကျွန်းရဲ့ ၁၉ မိုင်အကွာမှာ သံသယဖြစ်ဖွယ်ငါးဖမ်း သားသစ်လှေ ၂ စင်းကို စစ်ဆေးရာမှာ တရားမဝင် တင်ဆောင်လာတဲ့ ဘိလပ်မြေအိတ် ၁,၇၀၀ နဲ့ ကုန်သည် အယောက် ၂၀ ကို ဖမ်းဆီးရမိခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Ma-2 နဲ့ Nishan-2 လို့အမည်ပေးထားကြတဲ့ မော်တော်ဘုတ် ၂ စင်းထဲက Ma-2 စက်လှေမှာ ဘိလပ်မြေအိတ် ၉၀၀ နဲ့ Nishan-2 စက်လှေက ဘိလပ်မြေအိတ် ၈၀၀ တို့ကို အသီးသီး ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ အမြတ်အစွန်းနဲ့ ရောင်းချကြမှာလို့ ဝန်ခံထားကြောင့် ပြောထားပါတယ်။
လက်ရှိမှာ ဖမ်းဆီးထားတဲ့ ကုန်ပစ္စည်းတွေနဲ့ ကုန်သည်တွေကို တက္ကနဖ်မြို့နယ် ရဲစခန်းကို လွဲပြောင်းထားပြီး တရားဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေကြတယ်လို့ ပြောထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တရားမဝင် ကုန်သွယ်မှုပြုလုပ်နေကြတဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေ၊ စားသောက်ကုန်ပစ္စည်းတွေနဲ့ ဆေးဝါးတွေကို ဘင်္ဂလားဒေ့ရှ်ရေတပ်နဲ့ နယ်ခြားစောင့်တပ်တို့က ဆက်တိုက်ဖမ်းဆီးမှုတွေကို ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်အာဏာရှင်အစိုးရ ကုန်သွယ်ခွင်တွေကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားတာကြောင့် ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ ကုန်စည်တွေကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့က ကုန်သွယ်မှုတွေ ပြုလုပ်နေကြရတာ ဖြစ်ပါတယ်။
မေလ အစောပိုင်းကစပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရတို့အကြား နှစ်ဖက် နယ်စပ်ကုန်သွယ်မှုအချို့ကို စတင်ပြုလုပ်နေကြပေမဲ့ ကုန်သွယ်မှု ပုံမှန်လည်ပတ်ခြင်း မရှိသေးဘူးလို့ မောင်တော နယ်စပ်ကုန်သွယ်တွေက ပြောကြပါတယ်။
Source: Daily Time of Bangladesh










