DVB Logo
DVB
·
May 28, 2023
Donate to DVB

လက်နက်ကြီးကြောင့် ကလေးဒေသခံ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ၊ မုံရွာ ကူတောပလ္လင်ရွာကို စစ်တပ်က မီးရှို့  

DVB

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းရွာကို မေ ၂၇ ရက် ညနေ ၃ နာရီလောက်မှာ  စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံတယောက် သေဆုံးပြီး ၃ နှစ်အရွယ် ကလေးအပါအဝင် ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ‌ကလေးဒေသခံတွေက ပြောပါတယ်။

သေဆုံးသူနဲ့မိသားစုဝင်နဲ့နီးစပ်သူ ဒေသခံရွာသား တဦးက "လက်နက်ကြီးတွေနဲ့ နေစဉ်ပစ်နေတာ။ အခုလည်း မနေ့ကညနေပိုင်း ပစ်ခတ်လို့ ရွာက အသက် ၄၀ ကျော်အရွယ် အမကြီးတဦး ဒဏ်ရာရပြီး ညပိုင်းဆုံးသွားတယ်။ ဒီနေ့ မေ ၂၈ ရက်နေ့ အလောင်းသင်္ဂြိုဟ်ဖို့ လုပ်တော့ မိသားစုဝင်ကလွဲပြီး ကျန်တဲ့သူ သင်္ချိုင်းကုန်းကို လိုက်မပို့ရဘူး။ လိုက်ပို့တဲ့သူ အရေးယူမယ်ဆိုပြီး စစ်တပ်က ပြောတယ်။ သူတို့ ပစ်ခတ်လို့ ဒဏ်ရာရသူက ယောကျ်ားလေး ၂ ဦးနဲ့ မိန်းကလေး ၂ ဦး" လို့ ပြောပါတယ်။

စစ်တပ်က လက်နက်ကြီး ကျလို့ သေဆုံးသွားတဲ့အလောင်းကို သင်္ဂြိုဟ်တဲ့နေရာမှာ စောင့်ကြည့်ဖို့ အရပ်ဝတ်တွေနဲ့ ကျေးရွာအတွင်းမှာ စောင့်ကြည့်နေတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နတ်ကြီးနဲ့ ပစ်ခတ်လို့ ဒဏ်ရာရှိသူတွေထဲမှာ စိုးရိမ်ရတဲ့ လူနာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့နယ် မုံရွာ-မန္တလေးကားလမ်းဘေးမှာရှိတဲ့ ကူတောပလ္လင်ကျေးရွာကိုလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက မေ ၂၇ ရက် ညနေ ၆ နာရီဝန်းကျင်က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေက အဲဒီအနီးတဝိုက်က ကျေးရွာတွေမှာ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေထဲက နေအိမ်တွေကို မွှေနှောက်ရှာဖွေတာတွေရှိသလို ကူတောပလ္လင် ကျေးရွာအရောက်မှာတော့ တော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေ တွေ့တယ်လို့ ပြောပြီး ကျေးရွာကို အခုလို မီးရှို့ဖျက်ဆီးသွားတာလို့ ကူတောပလ္လင်ရွာမှာ နေထိုင်သူတဦးက ပြောပါတယ်။

“လက်နက်တွေတွေ့လို့တော့ ပြောတာပါပဲ၊ ရွာတွေကို မီးပတ်ရှို့နေကြတာ။ ကျနော်တို့ ရွာက‌တော့ ကံကောင်းတယ်။ သူတို့ကမီ းရှို့ပြီးပြီးချင်း ထွက်သွားတော့ မီးငြှိမ်းချိန်ရလိုက်တယ်၊ ရွာကလူတွေ အကုန်ဝိုင်းငြှိမ်းကြတာ ၄ အိမ်လောက်ပဲလောင်ပြီး နာရီဝက်လောက်နေတော့ မီးငြိမ်းသွားတယ်။" 

ဒေသခံတွေအနေနဲ့ စစ်ကြောင်းလာမှာကို ကြိုတင်သတင်းရရှိတာကြောင့် အချိန်မီရှောင်တိမ်းနိုင် ခဲ့ပေမဲ့ ပျူစောထီးတွေကတော့ အနီးနားကျေးရွာတွေထဲက ဈေးဆိုင်တွေက ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူ ကူတောပလ္လင်ရွာသားတဦးက ပြောပါတယ်။

“စစ်ကြောင်းရောက်လာပြီး သိပ်မကြာဘူး ဘယ်သူမှမတွေ့လို့ စျေးဆိုင်တွေထဲ လက်နက်တွေနဲ့ ဝင်မွှေပြီး ပစ္စည်းတွေယူကြတယ်၊ အချိန်ကသိပ်မကြာဘူး ယူပြီးတာနဲ့ တခါတည်း တန်းမီးရှို့တော့တာပဲ။ ဘေးရွာတွေက ပစ္စည်းတွေလည်း ယူသွားကြတယ်လို့ကြားတယ်။” 

မုံရွာမြို့ မိုးညှင်းသမ္ဗုဒ္ဓေဘုရားနားမှာရှိတဲ့ ကူတောပလ္လင်ရွာဟာ မုံရွာ-မန္တလေးကားလမ်းဘေးမှာ တည်ရှိတဲ့အတွက် စစ်ကောင်စီတပ်တွေက မကြာခဏဆိုသလို ဖြတ်သန်းသွားလာတဲ့ နေရာဖြစ်ပေမဲ့ ပထမဆုံးအကြိမ် မီးရှို့ခံရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013