DVB Logo
Home
မြန်မာသတင်း
MoU လုပ်သားများ ထိုင်းနိုင်ငံတွင်း သက်တမ်းတိုးခွင့်ရရန် အလုပ်သမားအဖွဲ့များ တောင်းဆို
DVB
·
May 28, 2023
MoU လုပ်သားများ ထိုင်းနိုင်ငံတွင်း သက်တမ်းတိုးခွင့်ရရန် အလုပ်သမားအဖွဲ့များ တောင်းဆို
Donate to DVB

ထိုင်းအခြေစိုက် အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း LRF နဲ့မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN အဖွဲ့တို့ဟာ ထိုင်းအလုပ်သမား ညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံပြီး သက်တမ်းကုန် MoU လုပ်သားတွေ ကိစ္စ၊ အလုပ်သမားတွေရဲ့ အထောက်အထား ပြုလုပ်ခ ဈေးမြင့်မားတဲ့ ကိစ္စတွေ သွားရောက် ဆွေးနွေးခဲ့တယ်လို့ မေလ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကြုံနေရတဲ့ အကြီးမားဆုံး အခက်အခဲက ဗီဇာ သက်တမ်း ၄ နှစ်ပြည့် MoU လုပ်သားတွေဟာ မိမိတို့ နေရပ်တိုင်းပြည်ပြန်ကာ စာချုပ်အသစ် ထပ်မံ ချုပ်ဆိုပြီးမှ ထိုင်းနိုင်ငံတွင်းကို ပြန်လည်ဝင်ရောက် လုပ်ကိုင်ရမယ့် အခြေအနေရှိနေပြီး အဲဒီအနေအထားဟာ လက်ရှိ မြန်မာနိုင်ငံမှာ ပြည်တွင်း မငြိမ်မသက်မှုတွေကြောင့် နေရပ်ပြန်ဖို့ အခက်အခဲ ရှိနေတာပါ။

"မြန်မာနိုင်ငံသားတွေ အနေအထားကို လေ့လာ စစ်တမ်းကောက်ကြည့်တဲ့အခါ သူတို့ရဲ့ နေရပ်တွေက နေ့စဉ် စစ်မက်တွေ ဖြစ်ပွားနေတာရယ်၊ တချို့တွေဆို နေအိမ်တွေဘာတွေ မရှိတော့တဲ့အတွက် ပြန်ဖို့ အခက်အခဲ ရှိနေတယ်ဆိုတာကို လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ ဖြစ်နိုင်ရင် ဒီနိုင်ငံထဲမှာပဲ သက်တမ်းတိုးတဲ့ကိစ္စ လုပ်ပေးဖို့ အဓိက ဦးတည်ချက်အနေနဲ့ ထိပ်ဆုံးက ပြောခဲ့တာပါ။ ကျန်တာကတော့ အလုပ်သမားတွေ ထိုင်းနိုင်ငံမှာ တရားဝင် စာရွက်စာတမ်းလုပ်တဲ့အခါမှာ အဖိုးအခတွေ ပိုမိုပြီး တောင်းခံနေတဲ့ ကိစ္စတွေ အားလုံး အတတ်နိုင်ဆုံး စိစစ်ပေးဖို့ အဓိက တောင်းဆိုခဲ့တာပါ။ အခြားလည်း အလုပ်သမားတွေအတွက် သက်ဆိုင်တာတွေ တောင်းဆိုခဲ့ပါတယ်" လို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

အခုလို တင်ပြတောင်းဆိုမှုနဲ့ ပတ်သက်လို့ ထိုင်းအလုပ်အကိုင် စီမံခန့်ခွဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဒီကိစ္စတွေကို အစိုးရအဖွဲ့ဝင်တွေဆီ တင်ပြပြီး အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဆွေးနွေးပေးမယ်လို့ တုံ့ပြန်ပြောဆိုခဲ့ကြောင်း MWRN အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်အတွင်းကလည်း ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ထိုင်းအစိုးရက လုပ်ပေးတဲ့ နေထိုင်ခွင့် အထောက်အထား ပန်းရောင်ကတ်နဲ့ ပတ်သက်ပြီး အသစ်ရိုက်ပေးဖို့ အစီအစဉ် မရှိဘူးလို့ ထိုင်းအလုပ်သမား ညွှန်ကြားရေးမှုးချုပ် ပြောကြားခဲ့တဲ့အပေါ် ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ စိုးရိမ်ခဲ့ကြပါတယ်။

လက်ရှိအချိန်မှာ ထိုင်းနိုင်ငံမှာ အစိုးရ အပြောင်းအလဲ ရှိတဲ့အတွက် နောက်တက်လာမယ့် ထိုင်းအစိုးရရဲ့ စဉ်းစားဆုံးဖြတ်တဲ့အပေါ် မြန်မာ လုပ်သားတွေ စိတ်ရှည်ရှည် စောင့်ဆိုင်းကြဖို့ မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက်က ပြောပါတယ်။

"လက်ရှိ အခြေအနေမှာ အစိုးရသစ်ကလည်း အာဏာလွှဲပြောင်းရယူခြင်းကို အစိုးရဟောင်းကလည်း ရက် ၆၀ အတွင်း အာဏာလွှဲပြောင်းရမှာဖြစ်တဲ့အတွက် ဒီကြားထဲမှာ စီစဉ်ဆောင်ရွက်နိုင်ဖို့အတွက် အချိန်မလောက်သေးဘူး။ သို့သော် နောင်တက်လာတဲ့ အစိုးရနဲ့ လွှတ်တော်ကသာလျှင် စဉ်းစားဆုံးဖြတ်ပေးရမှာပါ။ လုံးဝ မလုပ်ပေးဘူး ပြောတာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံမှာရှိနေတဲ့ အကြောင်းကြောင့် တရားဝင်ကနေ တရားမဝင် ဖြစ်သွားတာတွေ၊ ဗီဇာ သက်တမ်းတွေ ကုန်နေတယ်၊ တချို့က နေရပ်ရင်း မပြန်ချင်လို့ ဒီထဲမှာပဲ နေနေတယ်၊ ဒီတရားမဝင် လုပ်သားတွေကို တနည်းနည်းနဲ့ တရားဝင်အောင် လုပ်ပေးမယ်ပဲ ကျနော်မြင်ပါတယ်။"

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် လတ်တလောမှာ ဗီဇာနဲ့ ပတ်စ်ပို့ သက်တမ်းတိုးကိစ္စတွေက အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေပြီး လုပ်ခလစာ နည်းတာ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာနဲ့ နေထိုင်ခွင့် အထောက်အထားအတွက် ကုန်ကျငွေ များပြားတာ စတဲ့ အခက်အခဲတွေလည်း ရင်ဆိုင်နေရပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအရေအတွက် ၅ သန်း နီးပါးရှိပြီး CDM အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာတဲ့ မြန်မာ ၆ သောင်းကျော် ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013