
မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို လက်နက်ကျည်တွေ ကျရောက်လာတာကြောင့် ထိုင်းကျောင်းသူကျောင်းသားတွေ ဘေးကင်းလုံခြုံတဲ့နေရာမှာ ရွှေ့ပြောင်းပြီးပညာသင်ယူ နေကြရပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာနဲ့ ဖလူးကြီးရွာဘက်မှာ စစ်အာဏာရှင်တပ် တွေ ထိုးစစ်ဆင်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့တွေက နယ်မြေ မဆုံးရှုံးစေရေးအတွက် ကာကွယ်တိုက်ခိုက်တဲ့ ခုခံစစ်ဆင်နွှဲနေတာ ကြောင့် ဇူလိုင် ၈ ရက်၊ ၉ ရက်တွေမှာ တိုက်ပွဲပြင်းထန်နေပါတယ်။
ဒီတိုက်ပွဲတွေကြောင့် တဖက်ကမ်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဲ့ကုကင်းရွာ စာသင်ကျောင်းက စာသင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ဘေးကင်းလုံခြုံတဲ့ နေရာ ဖြစ်တဲ့ ဘုန်းတော်ကြီးကျောင်း အစည်းအဝေးခန်းမနေရာတွေကို ပြောင်းရွှေ့ပြီး စာသင်နေရတယ် လို့ မဲ့ကုကင်းရွာသူကြီးက ပြောပါတယ်။
အဆိုပါ မဲ့ကုကင်းရွာမှာ ထိုင်းစာသင်နေတဲ့ ကလေးငယ်တွေကို ဘေးကင်းလုံခြုံတဲ့ နေရာမှာပဲ လူစုခွဲပြီး သင်ကြားနေရသလို၊ ရွှေ့ပြောင်းမြန်မာစာသင်နေတဲ့ မြန်မာကျောင်းကတော့ ဇူလိုင် ၆ ရက် မှာ ကျောင်းသားမိဘတွေကို မြန်မာကျောင်းဆရာက ခေါ်ယူတွေ့ဆုံပြီးတဲ့နောက် ကျောင်းရဲ့ ပညာသင်ကြားမှုကို လုံခြုံရေးအခက်အခဲကြောင့် ယာယီပိတ်ထားလိုက်တယ်လို့ သိရပါတယ်။
မြဝတီမြို့တောင်ဘက်မှာ တိုက်ပွဲဖြစ်တိုင်း စစ်အာဏာရှင်တပ်ကပစ်ခတ်ခဲ့တဲ့ ကျည်ဆန်၊ လက်နက်ငယ်နဲ့ လက်နက်ကြီးကျည်တွေ ထိုင်းဘက်ကို ကျရောက်တာတွေ၊ ပေါက်ကွဲတာတွေ မကြာခဏရှိတယ်လို့ မဲ့ကုကင်းရွာသားတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်က မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်အတွင်း ကျဆုံးသွားတဲ့ တပ်စခန်းတွေကို ပြန်လည်ရရှိရေးအတွက် နည်းမျိုးစုံနဲ့ စစ်ရေးမြှင့်တင်နေပြီး လူအင်အား၊ လက်နက်အင်အားတွေနဲ့ အတူ တိုက်လေယာဉ်တွေကိုပါ အသုံးပြု တိုက်ခိုက်နေပါတယ်။










