DVB Logo
Home
မြန်မာသတင်း
ပြည်ပရောက်မြန်မာများ  ၆ လအတွင်း ပြည်တွင်းသို့ ကန်ဒေါ်လာ သန်း ၁၄၀၀ ခန့်လွှဲခဲ့
DVB
·
May 27, 2023
ပြည်ပရောက်မြန်မာများ  ၆ လအတွင်း ပြည်တွင်းသို့ ကန်ဒေါ်လာ သန်း ၁၄၀၀ ခန့်လွှဲခဲ့
Donate to DVB

ပြီးခဲ့တဲ့ ၆ လအတွင်း ပြည်ပရောက်မြန်မာနိုင်ငံသားတွေက မြန်မာပြည်တွင်းကို အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ လောက်လွှဲခဲ့တယ်လို့ စစ်ကောင်စီဩဇာခံဗဟိုဘဏ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဧပြီ ၂၈ ရက်အထိ ၆ လအတွင်း AD လိုင်စင်(အရောင်းကိုယ်စားလှယ်လိုင်စင်)ရ ဘဏ်တွေဟာ အမေရိကန်ဒေါ်လာ ၁,၅၄၉ ဒသမ ၇၃ သန်း ဝယ်ယူခဲ့ပြီး လုပ်ခ၊ လစာ အများဆုံးလွှဲပို့လာခဲ့တာကတော့ ထိုင်း၊ မလေးရှား၊ ဂျပန်နဲ့ စင်ကာပူနိုင်ငံတို့ဖြစ်တယ်လို့ ဗဟိုဘဏ်ဆောင်ရွက်ထားတာကို စစ်ကောင်စီရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာသံရုံးက ထုတ်ပြန်ထားတာပါ။

အဲဒီ ၆ လအတွင်း ထိုင်းနိုင်ငံကနေ အမေရိကန်ဒေါ်လာ ၄၉၆ ဒသမ ၄၉ သန်း၊ စင်ကာပူနိုင်ငံကနေ အမေရိကန်ဒေါ်လာ ၃၆၀ ဒသမ ၅၁ သန်း၊ မလေးရှားနိုင်ငံကနေ အမေရိကန်ဒေါ်လာ ၂၁၁ ဒသမ ၅၈ သန်း၊ ကိုရီးယားနိုင်ငံကနေ အမေရိကန်ဒေါ်လာ ၂၀၂ ဒသမ ၂၉ သန်းနဲ့ ဂျပန်နိုင်ငံကနေ အမေရိကန်ဒေါ်လာ ၁၁၇ ဒသမ ၅၃ သန်းလွှဲခဲ့တာလို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရဲ့စီးပွားရေးကမောက်ကမဖြစ်သွားခဲ့လို့ ကျပ်ငွေတန်ဖိုး အမဆန်ကျဆင်းခဲ့တာကြောင့် ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ AD လိုင်စင်ရ ဘဏ်တွေကနေ ငွေလွှဲလာရင် တဒေါ်လာကို ကျပ် ၃၀ စီ အပိုဆောင်းငွေပေးမယ်လို့ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှာ ကြေညာခဲ့ပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားတွေဟာ သက်ဆိုင်ရာနိုင်ငံငွေကြေးနဲ့လွှဲပြောင်းလာပြီး မြန်မာနိုင်ငံ ဘဏ်တွေရဲ့ နိုင်ငံခြားငွေစာရင်းမှာ အမေရိကန်ဒေါ်လာနဲ့ရရှိသလို ငွေလဲနှုန်း ကတော့ အမေရိကန်တဒေါ်လာကို ၂,၈၆၅ ကျပ်ကနေ ၂,၈၇၀ ကျပ် ကြား ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို လွှဲပို့လာတဲ့ငွေတွေကို ဘဏ်တွေရဲ့ Kpay AYA Pay လို Pay အပလီကေးရှင်းတွေ၊ Wave Money လို Mobile ငွေကြေးဝန်ဆောင်မှုတွေနဲ့ Mobile အေးဂျင့်တွေဆီကနေလည်း ထုတ်ယူနိုင်ဖို့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။

ပြီးတော့ နယ်စပ်ဒေသကတဆင့်လည်း လုပ်ခငွေကြေးတွေပိုဝင်လာစေဖို့ သက်ဆိုင်ရာ နိုင်ငံခြားဘဏ်တွေနဲ့ ပြည်တွင်းဘဏ်တွေ ညှိနှိုင်းပြီး Mobile Applicationတွေနဲ့  တိုက်ရိုက်ချိတ်ဆက် လွှဲပြောင်းနိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

ဒီလို ငွေလွှဲနိုင်ဖို့ AD လိုင်စင်ရဘဏ် ၁၄ ဘဏ်က နိုင်ငံတကာငွေလွှဲလုပ်ငန်း ၂၃ ခုနဲ့ ချိတ်ဆက်လုပ်ကိုင်နေပြီး ပြည်ပနိုင်ငံတွေက ငွေလွှဲလိုင်စင်ရထားသူတွေနဲ့ ချိတ်ဆက် လုပ်ကိုင်နိုင်ဖို့ ကုမ္ပဏီ ၁၂ ခုကို ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် ထုတ်ပေးထားတယ် လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013