DVB Logo
Home
မြန်မာသတင်း
ဘုတလင်၊အင်းတော်နှင့် ရေဦးမြို့နယ်တွင် တိုက်ပွဲများဖြစ်၊ စစ်တပ်က နေအိမ်များကို မီးရှို့
DVB
·
May 27, 2023
ဘုတလင်၊အင်းတော်နှင့် ရေဦးမြို့နယ်တွင် တိုက်ပွဲများဖြစ်၊ စစ်တပ်က နေအိမ်များကို မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း  ဘုတလင်မြိုနယ်အတွင်း စစ်ကောင်စီတပ်နဲ့  မြို့နယ်ပြည်သူကာကွယ်ရေး တပ်ပေါင်းစုတို့ မေ ၂၆ ရက် မနက် ၇ နာရီကနေ  ညနေ ၅ နာရီအထိ  တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ကံသစ်ရွာနဲ့ မှန်တောရွာကြားမှာ တကြိမ်၊ သားရိုးကုန်းရွာနားက နေပူကုန်းလမ်းကွဲမှာ တကြိမ်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

Chindwin Brotherအဖွဲ့တာဝန်ရှိသူက “နမခကို ပြန်တာကို  ကြားဖြတ်တိုက်ခိုက်တာ။ တိုက်ပွဲက ကံသစ်ရွာနဲ့ မှန်တောရွာကြားမှာ စဖြစ်တာ။ မိုင်းကွင်းအသင့်စောင့်ပြီး ဆွဲတယ်။ နောက်တော့ ဒရုန်းနဲ့ ဗုံးချ ချတိုက်တယ်။ နောက်တနေရာက သားရိုးကုန်းရွာအနီး နေပူကုန်းလမ်းကွဲမှာ တိုက်ပွဲ ထပ်ဖြစ်တယ်။ ညနေ၄ နာရီ လောက်ရောက်တော့ တိုက်ပွဲက ပြီးသွားတယ်။  ၅ ခွဲလောက် ရောက် တော့ ဘုတလင်ထွေအုပ်ရုံးကိုဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာလည်း ရှိခဲ့တယ်။ တိုက်ပွဲကတော့ စစ်ကောင်စီဘက်က အကျဆုံး များနိုင်တယ်။ ကျနော်တို့ ဘက်ကတော့ အထိခိုက်စာရင်း စိစစ်နေဆဲ” လို့ ပြောပါတယ်။

ဘုတလင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးလေ့ရှိသလို ဘုတလင်မြို့အတွင်းကနေ ဖြတ်သန်းသွား  လာတဲ့ ခရီသည်နဲ့ ကုန်တင်ကားတွေကို ဖမ်းဆီးပြီး ငွေကြေး ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း အင်းတော်ခရိုင် မှော်တိတ်ဒေသမှာ မေ ၂၅ ရက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂၀ ကျော်သေဆုံးကာ လေကြောင်းတိုက်ခိုက်မှု အသံကြောင့် အဘွားအိုတဦး ထိတ်လန့်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီ တပ်သား ၂၀ ကျော်သေဆုံးခဲ့ပြီး အင်းတော် ကသာရင်း-၂  ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့တယ်လို့ ABSDFမြောက်ပိုင်း ထောက်လှမ်းရေးတာဝန်ခံ ဦးစော က ပြောပါတယ်။

“စစ်ကောင်စီဘက်ကတော့ ၂၀ ကျော်သေသွားပြီလို့ အတည်ပြုထားတယ်။ ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ PDF ရဲဘော် ၂ ဦးကျဆုံးသွားခဲ့တယ်။ အနီးအနားဝန်းကျင်ရွာတွေကတော့ စစ်ရှောင်နေတယ်၊ စစ်ရှောင်စာရင်းတော့ အတိအကျ မရသေးပါဘူး၊ စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲပါ။” 

မေ ၂၅ ရက် တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က တနေ့တည်း လေကြောင်းကနေ လေးကြိမ်တိုက်ခိုက်ခဲ့တာကြောင့် အင်းတော်၊ မှော်တိတ် ဒေသရှိ ကျွန်းတောရွာဘုန်းကြီးကျောင်း မီးလောင်ခဲ့ပြီး စာသင်ကျောင်း၊ ဆန်စက်နဲ့ လူနေအိမ်အချို့ ပျက်စီးခဲ့ပါတယ်။ 

လေကြောင်းတိုက်ခိုက်မှု အသံကြောင့် ကျွန်းတောရွာ တုံစီဘုရားအနီးမှ ဒေါ်မိသိန်း ၉၃ နှစ် ထိတ်လန့်သေဆုံးခဲ့ပါတယ်။

မေ ၂၂ ရက်နေ့က စတင်ပြီး  မြောက်ပိုင်း ABSDF၊ KIA၊ ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ အကြား တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မြောက်ဘက်ခြမ်းက ကျေးရွာအချို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမခကနေ ရွာစဉ်ပတ် မီးရှို့နေတဲ့ စစ်ကြောင်းဖြစ်ပြီး မေ ၂၅ ရက်မှာ ဖိန်းကားရွာကို ဝင်ရောက် မီးရှို့ကာ အသက် ၈၀ ရှိ အဖွားအိုကို သတ်ပြီး မီးရှို့ထားခဲ့ကြောင်း၊ အဲဒီနောက် အောင်သာယာရွာမှာ ညအိပ်တပ်စွဲနေကြောင်း ရေဦးဒေသခံ ရွာသား တဦးက ပြောပါတယ်။

အခုလိုစစ်ကြောင်းထိုးလာတာကြောင့် မုံတိုင်ပင်၊ တပ်သစ်၊ ရွာဗုကြီး၊ ဇီးကန်၊ ပန်းကုံး စတဲ့ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013