Home
မြန်မာသတင်း
ဖားကန့်တွင် ကျောက်တုံးဖြင့်ထုသတ်ခံထားရသည့် အမျိုးသား ၁ ဦး အလောင်းတွေ့ရှိ
DVB
·
May 27, 2023
349734286_1169032910440437_7851372623789051227_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မေ ၂၅ ရက် မနက်ပိုင်းက ကိုယ်ခန္ဓာကို ဓားနဲ့လှီးကာ ကျောက်တုံးနဲ့ ထုသတ်ထားတဲ့ အမျိုးသားတဦးရဲ့ ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

စပေါ့ကျေးရွာနဲ့ မမုံကျေးရွာကူး တံတားအနီးမှာ ကိုယ်ခန္ဓာကို ဓားနဲ့လှီး၊ တိပ်နဲ့ပတ်ကာ ကျောက်တုံးနဲ့ထုသတ်ပြီး လာရောက်စွန့်ပစ်သွားတဲ့ အမျိုးသားရုပ်အလောင်း တွေ့ရှိခဲ့တာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “မနက်အစောပိုင်း ၆ နာရီလောက်က တံတားနားမှာ အလောင်းတွေ့တာ။ အလောင်းကိုယ်ခန္ဓာမှာ တိပ်တွေနဲ့ ပတ်ထားတယ်။ နောက်ပြီး ခန္ဓာကိုယ်မှာလည်း ဓားနဲ့ မွှမ်းထားတာတွေ တွေ့ရတယ်။ နောက်ပြီး ခေါင်းမှာ ကျောက်တုံးလို မာကျောတဲ့အရာနဲ့ ထုထားတဲ့ အနေအထားမျိုး တွေ့ရတယ်။ သေမှ လာစွန့်ပစ်ထားတာ။ သေဆုံးသူ ဘယ်သူလဲ ဆိုတာတော့ ကျနော်မသိဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၃ ရက်ကလည်း အောင်ရာကျေးရွာအနီးမှာ အသက် ၄၅ နှစ်ခန့်ရှိ အမျိုးသားတဦး အလားတူပုံစံမျိုး ကျောက်တုံးနဲ့ထုသတ်ပြီး လာရောက်စွန့်ပစ်သွားတဲ့ အလောင်းတလောင်း တွေ့ရှိခဲ့ပါသေးတယ်။

ဖားကန့်မြို့နယ်အတွင်း အခု မေလအတွင်းမှာပဲ  ရိုက်နှက် နှိပ်စက် လက်ပြန်ကြိုးတုတ်  သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတဲ့ အလောင်းစွန့်ပစ်မှုဟာ ၉ လောင်းထက်မနည်း ရှိနေပါပြီ။

ပြီးခဲ့တဲ့ မေ ၁ ရက်က မရှီကထောင် တံတားအနီးမှာ  သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတဦးရဲ့ ရုပ်အလောင်းကိုလည်းကောင်း၊ မေ ၅ ရက်က မြောက်ဖြူရွာအနီး ရိုက်နှက်ဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၂၀ အရွယ် အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းကိုလည်းကောင်း၊ မေ ၆ ရက်က မှော်စီစာကျေးရွာအဝင်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းကိုလည်းကောင်း၊ မေ ၉ ရက်က မရှီကထောင်ကျေးရွာမှာ လက်ပြန်ကြိုးတုတ် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားတဦးရဲ့ အလောင်းကိုလည်းကောင်း၊ မေ ၂၁ ရက်က ရိုက်နှက်နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ဥရုချောင်းအတွင်း မျောပါလာတဲ့ အမျိုးသားတဦးရဲ့ အလောင်းကိုလည်းကောင်း တွေ့ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024