
Myanmar Press Photo Agency (MPA) အမျိုးသမီးဓာတ်ပုံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို မေ ၂၆ ရက်မှာ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းခရိုင် တရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ လိုက်ပါဆောင်ရွက်နေတဲ့ နီးစပ်သူတွေထံက သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ်ထဲက ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲမှာ မမှူးရတနာခက်မို့မို့ထွန်း အပါအဝင် တခြားသတင်းထောက် နှစ်ယောက်နဲ့ သတင်းယူနေတုန်း စစ်တပ်က ကားနဲ့တိုက်ဖမ်းတာ လူငယ် ၉ ယောက်ရော အားလုံးပေါင်း ၁၁ ယောက် အဲ့ဒီမှာ အဖမ်းဆီးခံရတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ရာဇတ်သတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရကာ အခု ဒုတိယအကြိမ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နဲ့ အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခံလိုက်ရပြီး သူ့အနေနဲ့ အမှုနဲ့ပတ်သက်ပြီး အယူခံမဝင်ဘဲ ဆက်လက်ရင်ဆိုင်သွားမယ်လို့ တရားရုံးနဲ့နီးစပ်သူကနေ တဆင့်ပြောဆိုတယ်လို့ သိရပါတယ်။
စစ်ကောင်စီ တရားစွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) အတွက် အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရတာပါ။
အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ရှေ့နေတဦးကတော့ မမှူးရတနာခက်မို့မို့ထွန်းရဲ့ ဆန္ဒအရ ဒီအမိန့်ကို အယူခံဝင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
မမှုးရတနာခက်မို့မို့ထွန်းကတော့ ကားနဲ့တိုက်ပြီး ဖမ်းဆီးခံရတာကြောင့် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး ဆေးကုသမှု ခံယူခဲ့ရကာ ဒီနေ့အချိန်အထိ လူကောင်းပကတိအတိုင်း ခန္ဓာကိုယ်က ပုံမှန်လှုပ်ရှား မသွားလာနိုင်သေးဘူးလို့ နီးစပ်တဲ့အသိုင်းအဝိုင်းက ဆိုပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းမီဒီယာလုပ်ကိုင်သူ ၁၅၆ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၁၀၅ ယောက် ပြန်လည်လွတ်မြောက်ခဲ့ပေမဲ့ သတင်းထောက် ၅၀ ကျော် မလွတ်မြောက်သေးဘဲ စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်ကာ အကျဉ်းထောင်အတွင်း ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားဆဲဖြစ်တယ်လို့ ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။










