
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာက အသက် ၁၄ နှစ်နဲ့ ၈ နှစ်အရွယ် ညီအစ်မနှစ်ယောက်ကို မုဒိမ်းကျင့်၊ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာကျူးလွန်ခဲ့သူကို မြောက်ဦးခရိုင် အထူးတရားရုံးက စက်တင်ဘာ ၅ ရက်မှာ ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
သက်ငယ်မုဒိမ်းမှု၊ သက်ငယ်လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြစ်မှုကျူးလွန်ခဲ့တဲ့ ကျောက်တော်မြို့နယ် သိန်းတန်ကျေးရွာက ဦးမောင်အေးလှ ကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၇ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တာဖြစ်ပြီး ပုဒ်မတခုချင်းစီအတွက် သီးခြားကျခံရမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒီလပ်တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ကျောက်တော်မြို့ ကျောက်တလုံးရွာက ညီအစ်မနှစ်ယောက်ကို မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူကို မြောက်ဦးအထူးတရားရုံးက ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်တယ်။ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အတွက် အလုပ်နဲ့ ထောင်ဒဏ် ၂၀ နှစ်နဲ့ ၃၇၇ အတွက် အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်။ ပြစ်ဒဏ် ၂ ခုလုံးက သီးခြားကျခံရမှာ” လို့ ပြောပါတယ်။
အသက် ၅၅ နှစ်အရွယ် ဦးမောင်အေးလှ ဟာ သူ့ရဲ့ ဥယျာဉ်ခြံမှာ အလုပ်လုပ်ကိုင်နေတဲ့ ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာက အလုပ်သမားတယောက်ရဲ့ ၁၄ နှစ်အရွယ်သမီးကို ဧပြီ ၆ ရက်နေ့က မုဒိမ်းမှု ၂ ကြိမ် ကျူးလွန်းခဲ့သလို၊ ဧပြီ ၂၀ ကျော်မှာလည်း ညီမဖြစ်သူ ၈ နှစ်အရွယ်ကလေးငယ်ကို ကျပ်ငွေ ၄,၀၀၀ နဲ့ အချိုရည် ၁ ထုပ်ပေးမယ်လို့ ဖျားယောင်းပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ် ဒီလပ်တပ်ဖွဲ့က စက်တင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
နစ်နာသူဘက်က မိခင်နဲ့အတူ မေ ၁၅ ရက်နေ့မှာ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) စခန်းမှာ တိုင်ကြားခဲ့ပြီး တရားခံ ဦးမောင်အေးလှကို ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ပုဒ်မ ၃၇၇ တို့နဲ့ အမှုဖွင့်ခဲ့တာပါ။
အမှုဖွင့်ခဲ့ပြီးနောက် ဦးမောင်အေးလှဟာ ဖမ်းဆီးမခံဘဲ ထွက်ပြေးလွတ်မြောက်သွားကာ နှစ်လခွဲအကြာ ဇူလိုင် ၃၀ ရက်နေ့ မနက် ၂ နာရီမှာ သူ့ရဲ့ နေအိမ်ကို ရောက်ရှိနေတုန်း ဒီလပ်တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ပြီး ဩဂုတ် ၂၇ ရက်နေ့က မြောက်ဦးခရိုင်၊ အထူးတရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
သက်ငယ်မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်းသူ တရားခံတယောက်ကို နှစ်ရှည်ထောင်ဒဏ် ချမှတ်တာက လူ့အသိုင်းအဝိုင်းအတွက် အန္တရာယ်တခု ကင်းသွားတာဖြစ်လို့ အားရကျေနပ်တယ်လို့ ကျောက်တော်မြို့နယ်က အမျိုးသမီးငယ်တယောက်က ပြောပါတယ်။
“အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးကို မုဒိမ်းကျင့်ပြီး၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ထားတဲ့ တရားခံတဦးကို နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တာဟာ လူ့အသိုင်းအဝိုင်းအတွက် အန္တရာယ်တခု ကင်းသွားတာဖြစ်တယ်။ အခုလို မြန်မြန်ဆန်ဆန်နဲ့ ရာဇဝတ်တရားခံတွေကို စီရင်ပေးတဲ့အပေါ် အမျိုးသမီးတယောက်အနေနဲ့တော့ ကျေနပ်တယ်။ နောက်ထပ်ရှိနေသေးတဲ့ ပြစ်မှုတွေအတွက် ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်စေချင်တယ်” လို့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှုနဲ့ လူသတ်မှုတို့လို ရာဇဝတ်မှုတွေအတွက် ဩဂုတ်လကတည်းကစတင်ပြီး အထူးတရားရုံးဖွင့်ကာ အရေးယူဆောင်ရွက်နေတယ်လို့ ULA/AA ဘက်က ပြောထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာက မိန်းကလေးငယ် တယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်တဲ့အမှုမှာ ULA/AA ရဲ့ စစ်တွေခရိုင်တရားရုံးက အဓိကကျူးလွန်သူ တရားခံကို သေဒဏ်ချမှတ်ခဲ့ပြီး၊ ပူးပေါင်းကြံစည်သူ ၂ ယောက်ကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်က အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအတွင်းမှာ သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှုတွေ များလာနေလို့ ကျူးလွန်သူတွေကို အမြင့်ဆုံးပြစ်ဒဏ်တွေအထိ ချမှတ်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။











