
ကလေးငယ်တွေ အစုလိုက် အစာအဆိပ်သင့်စေခဲ့တာနဲ့ အဂတိလိုက်စားမှု စွဲချက်တွေ ထွက်ပေါ်နေတဲ့ အခမဲ့ ကျောင်းမုန့်ကျွေးရေး အေဂျင်စီ အကြီးအကဲကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ရာထူးက ထုတ်ပယ်လိုက်ပါတယ်။
ဒါဟာ ပရာဘိုဝိုရဲ့ ၂၀၂၄ သမ္မတ မဲဆွယ်ကတိတွေထဲက အဓိကတခုဖြစ်ပြီး ကျောင်းနေကလေး သန်း ၈၀ ကို အခမဲ့ကျွေးမွေးဖို့ ရည်ရွယ်ထားတာပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက စတင်ခဲ့တဲ့ ဒီစီမံချက်မှာ ကလေးပေါင်း ၃၀,၀၀၀ ကျော် အစာအဆိပ်သင့်ခဲ့တာကြောင့် အစီအစဉ်ကို ရပ်ဆိုင်းဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။
အခု ရာထူးက ထုတ်ပယ်ခံရတဲ့ အေဂျင်စီအကြီးအကဲ၊ ပိုးမွှားဗေဒပညာရှင် ဒါဒန် ဟင်ဒါယာနာရဲ့ နေရာမှာ ဒုတိယအကြီးအကဲနဲ့ အစားထိုးလိုက်ပါတယ်။
ဇွန် ၃ ရက် မနက်ပိုင်းကလည်း ရှေ့နေချုပ်ရုံး အရာရှိတွေဟာ အဲဒီ အမျိုးသားအာဟာရ အေဂျင်စီရုံးကို ဝင်ရောက်ရှာဖွေခဲ့ပြီး ဝန်ထမ်းတွေကို အဆောက်အအုံထဲ ပေးမဝင်ခဲ့ပါဘူး။
အာဏာပိုင်တွေရဲ့ အခုလို လုပ်ဆောင်ချက်ဟာ ချက်ပြုတ်ရေးဆိုင်ရာ ဘတ်ဂျက်တွေမှာ မမှန်မကန် ဖြစ်နေတယ်ဆိုတဲ့ အဂတိလိုက်စားမှု တိုင်ကြားချက် ထွက်ပေါ်လာပြီးနောက် ဖြစ်ပွားခဲ့တာပါ။
ဒါပေမဲ့ အသစ်ခန့်အပ်ခံရသူ နာနစ် ဆူဒါရာရတီ ဒီယန်းဟာ အာဟာရနဲ့ အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ အတွေ့အကြုံ မရှိတာကြောင့် စီမံချက်တခုလုံးကို ပြင်ဆင်ဖို့ ဝေဖန်သူတွေက တောင်းဆိုနေကြပါတယ်။










