DVB Logo
Home
မြန်မာသတင်း
ထိုင်းအစိုးရက MoU စနစ်ဖြင့်သာ လုပ်သားအသစ် ခေါ်ယူမည်
DVB
·
May 26, 2023
ထိုင်းအစိုးရက MoU စနစ်ဖြင့်သာ လုပ်သားအသစ် ခေါ်ယူမည်
Donate to DVB

ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်း လုပ်သားတွေအတွက် ထိုင်းအစိုးရက လုပ်ပေးတဲ့ နေထိုင်ခွင့် အထောက်အထား ပန်းရောင်ကတ်ကို လောလောဆယ် အသစ် ရိုက်ပေးဖို့ အစီအစဉ် မရှိဘဲ တရားဝင် MoU စနစ်နဲ့သာ လုပ်သားတွေကို ထပ်မံ ခေါ်ယူသွားမယ်လို့ ထိုင်းအလုပ်အကိုင် စီမံခန့်ခွဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က Thairat TV အင်တာဗျူးမှာ မေလ ၂၃ ရက်က ပြောပါတယ်။

အခုလို ပန်းရောင်ကတ် အသစ် မထုတ်ပေးတော့တာကြောင့် ဘတ်ရိုက်ဖို့ စောင့်နေသူတွေ၊ ပွဲစားတွေဆီ ကြိုတင်ငွေ ပေးထားသူတွေနဲ့ အကြောင်းမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင်း ရောက်နေတဲ့ အထောက်အထားမဲ့ မြန်မာတွေ အခက်အခဲ ပိုဖြစ်သွားနိုင်တယ်လို့ မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

"ထိုင်းနိုင်ငံမှာ လောလောဆယ် ရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာတွေ၊ ရွှေ့ပြောင်းတွေရော အကြောင်းအရာမျိုးစုံနဲ့ ရောက်လာသူတွေ အခက်အခဲတွေဖြစ်မယ်လို့ ကျနော့်အနေနဲ့ သုံးသပ်တယ်။ အထောက်အထားမရှိဘဲ ပြည်ပနိုင်ငံတခုမှာ နေထိုင်ရတာက ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးနိုင်တဲ့အတူ အခြားသော အကြောင်းအရာမျိုးစုံနဲ့ ထိခိုက်နိုင်တာတွေ ရှိပါတယ်။"

“ကျနော်တို့ တရားဝင် ရွှေ့ပြောင်းသွားလာခြင်းနဲ့ တရားမဝင် ရွှေ့ပြောင်းသွားလာခြင်းတာက တရားမဝင် ရွှေ့ပြောင်းသွားလာခြင်းက အကြမ်းဖက်ခံရခြင်း အန္တရာယ်တွေ၊ လူကုန်ကူးခံရခြင်း အန္တရာယ်တွေ၊ အခြားသော ကန့်သတ် ဖိနှိပ်ချုပ်ချယ်ခံရခြင်းတွေ မျိုးစုံကို ကြုံတွေ့နိုင်တယ်။ အဲဒီတော့ ထိုင်းနိုင်ငံရောက် မြန်မာတွေအနေနဲ့ အခုလို ပန်းရောင်ကတ် အသစ် မရိုက်ပေးဘူးဆိုတာ သတင်းကောင်း မဟုတ်ပါဘူး။ ထိုင်းရောက် မြန်မာတွေအတွက် သိပ်အဆင်မပြေဘူး”လို့ (MHAC - Myanmar Humanitarian Action Center) အဖွဲ့ စီမံအုပ်ချုပ်သူ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံတွင်းမှာ MoU လုပ်သား လိုအပ်ချက် ၇ သိန်းကနေ ၈ သိန်းကြား ရှိနေပြီး အများစုက မြန်မာရွှေ့ပြောင်းလုပ်သားများဖြစ်ကာ လူနည်းစုကတော့ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက လုပ်သားတွေ ဖြစ်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က ပြောပါတယ်။

တဖက်မှာတော့ MoU လုပ်သားတွေကို တရားဝင်စနစ်နဲ့ ခေါ်ယူတာဟာ လက်ရှိ စစ်အာဏာသိမ်းမှုအောက်မှာ အလုပ်အကိုင် ရှားပါးတဲ့ မြန်မာနိုင်ငံက လုပ်သားတွေအတွက် အခွင့်အလမ်းကောင်းတခု ဖြစ်တယ်လို့ JACBA အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ဘာပဲပြောပြော စစ်အစိုးရ လက်ထက်မှာ ကျပ်တည်း ကျဉ်းမြောင်းစွာ ရှင်သန်ရတဲ့ အလုပ်သမားတွေအတွက် သတင်းကောင်းလို့ ယူသော်ရ၏ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်အကိုင်အခွင့်အလမ်းကလည်း မြန်မာနိုင်ငံမှာ နည်းတယ်။ ရှိတဲ့ ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေကလည်း တရုတ်၊ ဂျပန်၊ ကိုးရီးယားစက်ရုံတွေ အရှုံးပေါ်တော့ သူတို့ရဲ့ လုပ်ငန်းတွေ ရုပ်သိမ်းလိုက်တော့ အလုပ်လက်မဲ့ တော်တော်များတယ်။ သူတို့အတွက်တော့ ဒါဟာ သတင်းကောင်းပဲ။”

“တဖက်ကလည်း မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေအတွက်လည်း သတင်းကောင်းပဲ။ မြန်မာပြည်ပ အလုပ်အကိုင် အေဂျင်စီအသင်းအတွက်လည်း သတင်းကောင်းဖြစ်တဲ့အတွက် မူဝါဒရော လုပ်ထုံးလုပ်နည်းအတွက်ကော ကောင်းကောင်းမွန်မွန် ထိန်းချုပ်လို့ရမယ်။ ပြောမယ်ဆို အဆိုးထဲက အကောင်းပေါ့”လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့လည်း MoU စနစ်နဲ့သာ လုပ်သားတွေ ခေါ်ယူကြဖို့ ထိုင်း အလုပ်အကိုင် စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ပြီး အလုပ်ရှင်တွေအနေနဲ့ တရားမဝင် လုပ်သားတွေကို ခေါ်ယူစေခိုင်းမယ်ဆိုရင် လုပ်သားတဦးကို ဒဏ်ငွေ ဘတ် ၁ သိန်းကနေ ၁ သိန်း ၁ သောင်းအထိ ပေးဆောင်ရမယ်လို့ သတိပေး ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ MoU စနစ်နဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားအရေတွက် ၅ သိန်းကျော် ရှိပြီး ကိုဗစ်ကာလတွင်း MoU လုပ်သားခေါ်ယူမှုကို ၂ နှစ်လောက် ရပ်နားခဲ့ရာ ၂၀၂၂ မေလကနေ ဒီဇင်ဘာလအထိ ထိုင်းကို MoU လုပ်သား ၉၀၀၀၀ ကျော် ဝင်ရောက်ခဲ့တယ်လို့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013