
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ် ဝမ်ပေါင်ကုမ္ပဏီကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ စစ်ကောင်စီရဲကင်းကို မေ ၂၅ ရက် ညနေ ၄ နာရီကျော်လောက်မှာ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။
ဝမ်ပေါင်ကုမ္ပဏီကွင်းအတွင်းကနေ စစ်ကောင်စီလုံခြုံရေးတွေက ညစဉ်ညတိုင်း အနီးအနားက ကျေးရွာတွေဆီကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် အခုလို ပစ်ခတ်ရတာလို့လည်း သိရပါတယ်။
ယင်းမာပင်ခရိုင် အမှတ်-၂၈ တပ်ရင်းမှ ဗိုလ်စွမ်းသူမောင်က “ပြည်သူတွေက တိုင်ထားတာ ကြာနေပြီဗျ။ ကျနော်တို့ စောင့်ကြည့်နေတာ ကြာပြီဗျ။ ဒီကောင်တွေ တရုတ်ကုမ္ပဏီ ဝမ်ပေါင်ကို ခုတုံးလုပ်ပြီး ကျနော်တို့ ဒေသခံရွာတွေကို မီးရှို့တယ်။ ဝမ်ပေါင်လမ်းဆုံကနေ ကျနော်တို့ဒေသခံတွေ ခရီးသွားတာကို ဖမ်းဆီး ငွေတောင်းတာတွေ လုပ်တယ်။ အဆိုးဆုံးကတော့ ညတိုင်း ညတိုင်း RPG လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ လုပ်ဆောင်တယ်။ ဘယ်လိုမှကို သည်းမခံနိုင်လို့ အခုလို ပစ်ခတ်ရတာပါ” လို့ ပြောပါတယ်။
အခုလို ရဲကင်းကို အလစ်အငိုက် တိုက်ခိုက်ခဲ့လို့ ဂိတ်အစောင့်ရဲ ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောဆိုပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။
အခုတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း-၂၈ ဓားမဆိုင်းတပ်မတော် D.M.S.A အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ဓားမဆိုင်းတပ်ခွဲ-၂၊ National Revolution Army တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။