
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိထားတဲ့ သက်ကြီးပိုင်း အမျိုးသားတဦး မေ ၂၄ ရက် မနက်မှာ ကွယ်လွန်သွားတယ်လို့ နာရေးကူညီ-ထားဝယ်ထံက သိရပါတယ်။
သေဆုံးသူဟာ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာကနေ ထားဝယ်ဆေးရုံကြီးမှာ လာရာက်ကုသနေတဲ့ အသက် ၇၇ နှစ်အရွယ် သက်ကြီးပိုင်း အမျိုးသားတဦး ဖြစ်ပါတယ်။
အဆိုပါ သေဆုံးသူရဲ့ ဈာပနကို မေ ၂၅ ရက် နေ့လယ် ၂ နာရီက ဇဟာသုသာန်မှာ နာရေးကူညီမှု ထားဝယ်က ဆောင်ရွက်ပေးခဲ့ပါတယ်။
အခုသေဆုံးသူဟာ တကျော့ပြန် ကိုဗစ်ကူးစက်မှုဖြစ်ပြီး ထားဝယ်မြို့မှာ ဒုတိယမြောက် သေဆုံးသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း ထားဝယ်ဆေးရုံကြီးမှာ ကုသနေတဲ့ အသက် ၅၀ ကျော်အရွယ် ကိုဗစ်အတည်ပြုလက္ခဏာ စစ်ဆေးတွေ့ရှိထားတဲ့ အမျိုးသမီးတဦး ကွယ်လွန်ခဲ့ပါတယ်။
အဲဒီသေဆုံးသူ ၂ ဦးဟာ ကိုဗစ်ကူးစက်ခံထားရပေမဲ့ ကိုဗစ်ကြောင့် သေဆုံးတာမဟုတ်ဘဲ တခြားရောဂါကြောင့် သေဆုံးတယ်လို့ ထားဝယ်မြို့နယ် ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မေ ၂၄ ရက် ညနေ ၄ နာရီအထိ တနင်္သာရီတိုင်းရဲ့ ကိုဗစ်လူနာ အခြေအနေ ထုတ်ပြန်ချက်မှာတော့ သေဆုံးသူအမျိုးသားရဲ့စာရင်းကို ထည့်သွင်းဖော်ပြထားခြင်း မရှိတာကို တွေ့ရပါတယ်။
တနင်္သာရီတိုင်း မြို့နယ် ၁၀ ခုက ၇၆ ဦးကို မေ ၂၄ ရက်က စစ်ဆေးရာ ကိုဗစ်အတည်ပြု မတွေ့ရှိဘဲ ဆေးရုံဆင်းသူ ၅ ဦးရှိကြောင်း စစ်ကောင်စီလက်အောက်ခံ တနင်္သာရီတိုင်း ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။