DVB Logo
Home
မြန်မာသတင်း
စစ်တပ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃,၅၇၆ ဦးထိ မြင့်တက်လာ
DVB
·
May 25, 2023
စစ်တပ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃,၅၇၆ ဦးထိ မြင့်တက်လာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၅၇၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၂,၇၁၅ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ မေ ၂၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၈,၃၉၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၆,၀၉၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၄ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၄,၃၁၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂၄ ရက် မနက်ပိုင်းက မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မကျည်းစုကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာကြောင့် ထွက်မပြေးနိုင်ဘဲ ကျေးရွာထဲမှာ ကျန်ရှိနေတဲ့ ‌လေဖြတ်ထားသူ ကိုခင်မောင်ဌေးနဲ့ အသက် ၆၀ အရွယ် ဒေါ်အေးကြိုင်တို့ မီးလောင်သေဆုံးခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် မေ ၂၃ ရက် နေ့လယ်ပိုင်းကလည်း တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှာ လူဝင်မှုကြီးကြပ်ရေးရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ညနေပိုင်းမှာတော့  အရပ်သားတွေ ဖြစ်ကြတဲ့ မြို့ပေါ် (က) ရပ်ကွက်က မသက်သက်အေးနဲ့ သူ့ရဲ့အမျိုးသားဖြစ်သူ ကိုမြတ်သူ၊ ကိုလှိုင်နေဦးနဲ့ (ခ) ရပ်ကွက်က မဆွေဇင်ထက်တို့ကို သူတို့ရဲ့နေအိမ်တွေမှာ အကြမ်းဖက် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သူတို့ ၄ ယောက်ကို လောင်းလုံးမြို့မ ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013