DVB Logo
Home
မြန်မာသတင်း
မိုးကောင်းမြို့တွင် စစ်ကောင်စီကင်းစခန်း ပစ်ခတ်ခံရ၊ ကနီမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ
DVB
·
May 25, 2023
မိုးကောင်းမြို့တွင် စစ်ကောင်စီကင်းစခန်း ပစ်ခတ်ခံရ၊ ကနီမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ
Donate to DVB

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ မေ ၂၃ ရက် ညနေက စစ်ကောင်စီ ကင်းစခန်းတခု အပစ်ခံရပြီး တပ်သား ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးကောင်းမြို့ ဝေပုလတောင်ခြေမှာ တပ်စွဲထားတဲ့ ကင်းစခန်းတခုကို အမည်မသိလူငယ်နှစ်ဦး ဆိုင်ကယ်နဲ့ လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

ဝေပုလတောင်ခြေအနီး နေထိုင်သူတဦးက “ဝေပုလတောင်ခြေမှာ စစ်တပ်က ကင်းစခန်းထိုင်ထားတာ ရှိတယ်။ ညနေ ၅ နာရီလောက်က လူငယ်နှစ်ဦး ဆိုင်ကယ်နဲ့ လာပစ်သွားတာ။ အတွဲလိုက်ပစ်သွားတာ။ ၁ ယောက်သေ၊ ၁ ယောက် ဒဏ်ရာရတယ်။ စစ်တပ်ဘက်က ပြန်တောင်မပစ်နိုင်ဘူး။ ကောင်လေး နှစ်ယောက်လည်း ပစ်ပြီး အေးဆေးပဲ ဆိုင်ကယ်နဲ့ ထွက်သွားတယ်” လို့ ပြောပါတယ်။

ကင်းစခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က စစ်ဆေးရေး တင်းကျပ်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးကောင်းမြို့နယ်မှာ ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်ကလည်း  မြို့နယ်စည်ပင်ရုံးကို လူငယ်တဦး ပေးခဲ့တဲ့ ကြက်ပေါင်းခေါက်ဆွဲချိုင့်အတွင်းကနေ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို ဇူလိုင် ၁၀ ရက်ကလည်း စည်ပင်သာယာဈေးအနီးမှာ စစ်(-) ရဲ(-) လို့ ရေးထားတဲ့အလံကို ခြေထောက်နဲ့ပြေးကန်တဲ့ နယ်ထိန်းရဲတပ်ကြပ်တယောက် ဗုံးပေါက်ကွဲပြီး သေဆုံးခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းပျူရွာဘက်ကနေ ပြန်လာတဲ့စစ်ကြောင်းကို ဒီနေ့ မေ ၂၅ ရက် မနက် ၇ နာရီကျော်နဲ့ ၉ နာရီကျော်က မိုင်း ၆ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

မိုင်းဆွဲခဲ့တဲ့နေရာဟာ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာတောပြင် ရေသောက်ကန်တောတိုက် အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

ချင်းတွင်းတိုက်ဂါး LPDF အဖွဲ့ခေါင်းဆောင် ကိုကျော်ကြီးက “ကနီမြို့နယ် ရေလယ်ကျွန်းရွာကနေ မေလ ၂၃ ရက်နေ့ကနေ စထွက်လာတာဗျ။ အဲရွာကနေ သမင်ခြံ၊ မင်းမ၊ သင်ဝင်ရွာ၊ ချောင်းမရွာတွေဖြတ်ပြီး လယ်ရှည်ရွာသစ်မှာ တပ်စွဲနေပြီးတော့ ဒီနေ့ မေလ ၂၅ ရက်နေ့ မနက်ခင်း ၇ နာရီအချိန်က လယ်ရှည်ရွာကနေ ထွက်လာတာကို ကျနော်တို့ မိုင်းဆွဲ စတိုက်ခိုက်တာ။ ကနီမြို့နယ်ဘက်ခြမ်းမှာက ကျနော်တို့ တိုက်မိုင်း ၂ ကွင်းရယ် ရှေထွက်မိုင်း ၃ လုံးရယ် စခွဲတိုက်ခဲ့တယ်။ အဲအကြိမ်ကတော့ စခ ၅ ယောက် အနည်းဆုံးကျတယ်။ အဲ လယ်ရှည်ရွာကနေ ကျနော်တို့ ယင်းမာပင်မြို့နယ်ဘက်ကနေ တပ်ဆုတ်ပြီး ဘန့်ဘွေးရွာ၊ ရေသောက်ကန်အနီးမှာ ပဒေသာမိုင်း ၃ လုံးတွဲ ၄ ကွင်းထပ်ထောင်ပြီး စောင့်နေတယ်။ သူတို့ထပ်တက်လာတဲ့အချိန် ထပ်ခွဲလိုက်တယ်။ အဲအကြိမ်ကတော့ (--)အသေအပျောက် များလိမ့်မယ်။ အတိအကျတော့ မသိရသေးဘူး၊ စုံစမ်းနေဆဲပဲဗျ။ ကျနော်တို့ ကနီမြို့နယ် လယ်ရှည်ရွာတိုက်ပွဲက ‌ကျနော်တို့ မဟာမိတ် ကိုဆံရှည်အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဗျ။ ယင်းမာပင်မြို့နယ်ဘက်ကျတော့ ကျနော်တို့ ချင်းတွင်းတိုက်ဂါး LPDF တဖွဲ့တည်းပါ” လို့ ပြောပါတယ်။

အခု ကနီမြို့နယ်အတွင်းကနေ ပြန်လာတဲ့ စစ်ကြောင်းဟာ အခုလို မိုင်းဆွဲခံရပြီး မနက် ၁၀ နာရီလောက်မှာ ဘန့်ဘွေးပျူရွာအတွင်း ပြန်ဝင်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းအတွင်း လမ်းပြအဖြစ် အဖမ်းခံရတဲ့ ဒေသခံရွာသားတွေလည်း ပြန်လည်လွတ်‌ေမြာက်လာသူတွေ ရှိသလို ပြန်လည်လွှတ်မပေးသေးတဲ့သူတွေပါ ရှိနေသေးတာကြောင့်  ပြန်လည်လွှတ်ပေးဖို့ သက်ဆိုင်ရာ မိသားစုတွေက တောင်းဆိုနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာလည်း လှည်းလမ်းကူးကျေးရွာ၊ ဆောင်လှိုင်ဂွနဲ့ လှည်းလမ်းကူးလမ်းကို စစ်ကောင်စီတပ်တွေက မေ ၂၄ ရက် ည ၇ နာရီ ၂၀ မိနစ်မှာ စတင်ဖျက်ဆီးခဲ့ရာ အပြန်လမ်းမှာ ပဒေမိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။

ည ၈ နာရီ ၅၀ မိနစ်မှာ စစ်ကောင်စီတပ် ပဒေသာမိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးတာတွေတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကနေ ကားအသေးတစီး၊ ဖောကား၊  ဘတ်ဟိုးတင်ခဲ့တဲ့ကားနဲ့ လုံခြုံရေးအပြည့်နဲ့ နေရာဖြန့်ချပြီးမှ လမ်းကို ဖျက်ဆီးနေချိန်အတွင်းမှာ တော်လှန်ရေး အင်အားစုတွေက ပဒေသာမိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်ဘက်က လမ်းဖျက်ဆီးပြီး မိုင်းဆွဲခံရပြီးနောက် လမ်းတလျှောက်မှာ အနီးနား ပတ်ဝန်းကျင်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်သွားပြီး အခုလို အရပ်ဘက်က သုံးနေတဲ့ လမ်းကို လိုက်ဖျက်ဆီးနေတာ၊ စစ်တပ်က အရပ်သားတွေကို သွားလာတာတွေ ပေးမလုပ်ရင် သယ်ယူပို့ဆောင်သွားလာရေးမှာ အခက်အခဲတွေနဲ့ ကြုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေတည်းက ကျိုက်ထိုမြို့ KNLA တပ်မဟာ ၁ တပ်ရင်း ၃ ထိန်းချုပ်ရာ နယ်မြေတွေရှိ ကျေးရွာချင်းဆက်လမ်းတွေကို ၅ နေရာအထိ စစ်တပ်ဘက်က ဖျက်ဆီးခဲ့ပြီး အဲဒီလမ်းတွေဟာ ရွာပေါင်း ၂၅ ရွာထက်မနည်း အဓိကသွားလာနေတဲ့ လမ်းတွေလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013